မလှိုင် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရာတွင် အောင်ရေရရှိသည်အထိ အပြည့်အဝ ရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိနိုင်ရန် ဆည်များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ဩဂုတ် ၁၁ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် အစိုးရဆည်များဖြစ်သည့် သင်ပုန်းဆည်၊ ဆည်ရေသောက်ဧရိယာတွင် မိုးစပါး (၂၃၃) ဧက၊ ပုန်းမကြည်ဆည်ရေသောက်တွင်(၈၆) ဧက၊ ကျင်းသာဆည်ရေသောက် ဧရိယာတွင်(၁ဝ) ဧက၊ စုစုပေါင်း (၃၂၉) ဧက စိုက်ပျိုးရန် သတ်မှတ်ထားသည့်အတွက် အဆိုပါ ဆည်များမှ မိုးစပါးစိုက်ပျိုးရာတွင် ပျိုးထောင်သည်မှ အောင်ရေရရှိသည်အထိ ရေပေးနိုင်ခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဆည်တမံများအတွင်း ရေဝင်ရောက်နေမှုအခြေအနေနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက သင်ပုန်းတမံတွင် ရေအသုံး ပြုနိုင်သည့်ပမာဏ ဧကပေ (၂၆၀၀) ကျော် ရှိပြီး လက်ရှိအခြေအနေအရ စပါး စိုက်ဧက (၂၅ဝ မှ ၃ဝဝ) ကြား ရေပေးဝေ နိုင်ကြောင်း၊ ထပ်မံပြီး ရေဝင်ရောက်လာပါက ဝမ်းတွင်းနယ်ရှိ တောင်ပုလုကန်နှင့် သပြေရိုးတမံရေသောက်ထိ ပေးနိုင်မှာဖြစ်ကြောင်း၊ ပုန်းမကြည်တမံနှင့်ကျင်းသာဆည်တို့တွင် လက်ရှိအခြေအနေ၌ ရေဝင်ရောက်မှုနည်းပါး၍ ရေပေးဝေနိုင်ခြင်း မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
တောင်သူများအနေဖြင့် ယခုကာလတွင် ဆည်ရေ မရရှိသေးသော်လည်း မိုးရေဖြင့်ပျိုးထောင်စိုက်ပျိုး ထားရှိသွားမည်ဖြစ်ပြီး နောက်ပိုင်းမိုး ရရှိလာပါက ဆည်မှ အောင်ရေရယူ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)


