မလှိုင်မြို့နယ်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် နောက်ဆုံးနေ့အထိ စည်ကား

မလှိုင် ၁၆  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ယခင်နှစ်က  မပါဝင်ခဲ့သည့် ဗဟိုမဏ္ဍပ် ကို အလှူရှင်ဦးသိန်းထိုက် (ကြယ်ငါးပွင့် ကုမ္ပဏီ) မိသားစုမှ မတည်ကာ စည်ကားစွာ ကျင်းပပြုလုပ်ပေးခဲ့ရာ မဟာသင်္ကြန် အကြိုနေ့မှစ၍ အတက်နေ့ထိတိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

 

မဟာသင်္ကြန်အကြိုနေ့မနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ဒေသတွင်းမှလာရောက်ရေကစားသူများ၊ အခြား နီးစပ်ရာမြို့များမှ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။ မလှိုင်မြို့မဟာသင်္ကြန် စည်ကားရေးအတွက် သင်္ကြန်ချစ်သူများ ပြည်သူများမှ စည်းကမ်းတကျ ပါဝင်ရေကစားခဲ့ပြီး သင်္ကြန်လုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ထိန်းသိမ်းကာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများမှ ပါဝင်ကူညီခဲ့သည်။

 

mdn

 

မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဗဟိုမဏ္ဍပ်ရေရရှိရေးအတွက် အဓိကပါဝင်ကူညီခဲ့ပြီး မဟာသင်္ကြန်ကာလ ဗဟိုမဏ္ဍပ်အနီး ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ ပူးပေါင်းပါဝင်ကာ မလှိုင်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

 

မဟာသင်္ကြန်ကာလတွင် ဗဟိုမဏ္ဍပ်၌ မလှိုင်ထားထားမြင့် အမျိုးသမီးဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တီးဝိုင်းတို့မှ ပေါင်းစပ်၍ သင်္ကြန်သီးချင်းများ ခေတ်ပေါ်သီချင်းများဖြင့် တီးခတ်ဖျော်ဖြေကာ မဏ္ဍပ်ပင်တိုင်မင်းသမီးများနှင့် ဝါသနာရှင် လူငယ်များကလည်း ဖြေဖျော်ခဲ့ကြသည်။

 

၂၀၁၉ ဧပြီ ၁၆ မဟာသင်္ကြန်အတက်နေ့ နောက်ဆုံးညတွင်မူ မြန်မာသင်္ကြန် အကအလှများအား မြန်မာယိမ်းအဖွဲ့များဖြင့် ကပြဖြေဖျော်မည်ဖြစ်ပြီး မလှိုင်မြို့နယ်ရှိ ရပ်ကွက်များမှ ယိမ်းအဖွဲ့ (၆)ဖွဲ့ခွဲ၍ မြန်မာသင်္ကြန်ယိမ်းများဖြင့် ကပြဖြေဖျော်မည်ဖြစ်ကြောင်း သိရသည်။

 

သင်္ကြန်ကာလအတွင်း မြန်မာဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့များ သင်္ကြန်သီချင်းများ ခေတ်ပေါ်သီချင်းများအပြင် အတတ်နေ့ညပိုင်း၌ မြန်မာသင်္ကြန်ယိမ်းအဖွဲ့များဖြင့် ဖြေဖျော်ခြင်းများ/ မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ ဗဟိုမဏ္ဍပ်တွင် ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ မြို့နယ်လုံးကျွတ်အန္တရာယ်ကင်းတရားနာမည်ဖြစ်ပြီး တရားပွဲအပြီးတွင် မလှိုင်မြို့ရှိ ရပ်ကွက်(၄) ခုအတွင်းမှ အသက် (၈၅)နှစ်အထက် ဘိုးဘွားများ သက်ကြီးပူဇော်ပွဲ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ဘိုဘို(မလှိုင်)

 

mdn