မလှိုင်မြို့ရှိ ဖရဲစိုက်တောင်သူများ မူဆယ်လမ်းကြောင်းကောင်းရန် မျှော်လင့်နေ

မလှိုင်  ၇  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့ရှိ ဖရဲစိုက်တောင်သူများက မူဆယ်လမ်းကြောင်းကောင်းရန် မျှော်လင့်နေကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။

 

ဖရဲစိုက်ပျိုးရေး လုပ်ကိုင်နေသူ မလှိုင်မြို့ နှောကန်တိုက်နယ် ကြပ်ဖြူကျေးရွာမှ ဦးသန်းလင်းထိုက်က “ဖရဲစိုက်ပျိုးတာကို များသောအားဖြင့် ခြောက်လပိုင်းနောက်မှာ စစိုက်လေ့ရှိတယ်။ ထွန်ရေးပြင်တဲ့အချိန်ကနေ ဆွတ်ခူးတဲ့အချိန်ထိ လေးလခန့် ကြာမြင့်ပြီး အထွက်နှုန်းက ပုံမှန်တော့မရှိပါဘူး။ စိုက်ပျိုးတဲ့နေရာ ဂရုစိုက်မှုကောင်းပါက တစ်ဧကမှာ ကားတစ်စီးချိုး (ဒေသအခေါ် ) ၁၂ ဘီးယာဉ် ၁၇ တန် တစ်စီးစာ ထွက်ရှိပါတယ်။ ယမန်နေ့က ဒေသပေါက်ကြေးက တစ်ကီလို ၂ ဒသမ ၅ ယွမ် (မြန်မာငွေကျပ် ၅၅၀) ဝယ်ကြတယ်။ ဖရဲက အချိန်နဲ့ ရောင်းရတာပါ။ တစ်တန်ကို ၂၅၀ဝ ယွမ် (မြန်မာငွေကျပ် ၅၅၀ဝ၀ဝ) ကျပ်ခန့်ရရှိပြီး စိုက်ပျိုးတဲ့နေရာ အဓိကအားဖြင့် ရောဂါပိုးနဲ့ လယ်ကြွက်ကို ဂရုစိုက်ရပါတယ်။ အဲဒီအတွက် ပိုးသတ်ဆေး အားဆေးကို ဝယ်ယူစိုက်ပျိုးရတယ်။ ဖရဲစိုက်တာက ရက် ၉၀ လောက်မှ အသီးကောင်းရတယ်။ ကျွန်တော်ဆို ၁၀ လပိုင်းက စိုက်တယ်။ ၁ လပိုင်းကုန်လောက်မှ အရည်၊ အသီးပြည့်မီတဲ့ အသီးရမယ်။ အဓိကက ဖရဲသီးဟာ ကုန်စိမ်းသီးနှံဖြစ်လို့ ဆွတ်ခူးပြီးရင် အကြာကြီးထားလို့ မကောင်းတာကြောင့် ဖရဲစိုက်တောင်သူတွေအနေနဲ့က မူဆယ်ပို့တဲ့လမ်းကြောင်းတွေ ကောင်းဖို့ပါပဲ” ဟု ပြောသည်။

 

မလှိုင်မြို့နယ်အတွင်းရှိ ဖရဲစိုက်တောင်သူများမှာ ဖရဲအမျိုးအစားများဖြစ်သည့် ထိုင်ဝမ်ဖရဲ၊ ထိုင်ဝမ် ၈၈၅ ဖရဲနှင့် မြန်မာဖရဲမျိုး သုံးမျိုးကို အဓိကထားစိုက်ပျိုးနေပြီး ဖရဲစိုက်တောင်သူများ အထွက်ကောင်းမွန်နေသော်လည်း တောင်သူများ၏ အဓိကပို့ဆောင်သော မူဆယ်လမ်း အမြဲပွင့်နေရန်မှာ ၎င်းတို့၏ အဓိက မျှော်လင့်ချက်ဖြစ်ကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။

 

ဘိုဘို(မလှိုင်)