မလှိုင် ၆ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့ရှိ ဖရဲစိုက်တောင်သူများမှ မူဆယ်လမ်းကြောင်းကောင်းရန် မျှော်လင့်နေကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။
"ဖရဲစိုက်ပျိုးခြင်းကို များသောအားဖြင့် ခြောက်လပိုင်းနောက်မှာ စစိုက်လေ့ရှိတယ်။ ထယ်ရေးပြင်တဲ့အချိန်၊ စွတ်ခူးတဲ့အချိန်ထိ လေးလခန့်ကြာမြင့်ပြီး အထွက်နှုန်းက ပုံမှန်တော့မရှိပါဘူး။ စိုက်ပျိုးတဲ့နေရာမှာ ဂရုစိုက်မှု ကောင်းပါက တစ်ဧကမှာ ၁၂ ဘီးယာဉ် (၁၇ တန်) တစ်စီးစာ ထွက်ရှိပါတယ်။ ဇန်နဝါရီ ၅ ရက် ဒေသပေါက်ဈေးက တစ်ကီလို ၂ ဒသမ ၅ ယွမ် (မြန်မာငွေ ၅၅၀)ဝယ်ကြတယ်။ ဖရဲက အချိန်နဲ့ ရောင်းရတာပါ။ တစ်တန်ကို ၂၅၀၀ ယွမ် မြန်မာငွေ ၅၅၀၀၀၀ ကျပ်ခန့်ရရှိပြီး စိုက်ပျိုးတဲ့နေရာမှာ အဓိကအားဖြင့် ရောဂါပိုးနဲ့ လယ်ကြွက်ကို ဂရုစိုက်ရပါတယ်။ အဲဒီအတွက် ပိုးသတ်ဆေး၊ အားဆေးကို ဝယ်ယူစိုက်ပျိုးရတယ်။ ဖရဲစိုက်တာက ရက် (၉၀)လောက်မှ အသီးကောင်းရတယ်။ ဖရဲသီးဟာ ကုန်စိမ်းသီးနှံဖြစ် ဆွတ်ခူးပြီးလျှင် အကြာကြီးထား၍ မကောင်းတာကြောင့် ဖရဲစိုက်တောင်သူတွေ အနေနဲ့ မူဆယ်ပို့တဲ့လမ်းကြောင်းတွေ ကောင်းဖို့ မျှော်လင့်တယ်” ဟု မလှိုင်မြို့နယ် ကြပ်ဖြူကျေးရွာမှ ဖရဲစိုက်ပျိုးသူ ဦးသန်းလင်းထိုက်က ပြောသည်။
မလှိုင်မြို့နယ်အတွင်းရှိ ဖရဲစိုက်တောင်သူများမှာ ဖရီးအမျိုးအစားများဖြစ်သည့် ထိုင်ဝမ်ဖရဲ၊ ထိုင်ဝမ် 885 ဖရဲနှင့် ဗမာဖရဲမျိုး သုံးမျိုးကို အဓိကထားစိုက်ပျိုးကြပြီး ဖရဲစိုက်တောင်သူများ အထွက်ကောင်းမွန်နေသော်လည်း တောင်သူများ၏ အဓိကပို့ဆောင်သော မူဆယ်လမ်းကြောင်း အမြဲပွင့်နေရန်မှာ ၎င်းတို့၏ အဓိက မျှော်လင့်ချက်ဖြစ်ကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။
ဘိုဘို(မလှိုင်)
