မလှိုင် ၂၆ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၂၀၂၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ပညာရေးဝန်ထမ်းအင်အား ၁၆၀ဝ ကျော်မှ မဲရုံတာဝန်များ၌ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။
“ကျွန်တော်တို့ မလှိုင်မြို့မှာ ၂၀၂၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးကျင်းပတဲ့ လာမယ့် နိုဝင်ဘာ ၈ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် မဲရုံမှူး ဒုမဲရုံမှူးသင်တန်းတွေကို ဒီနေ့ ၂၅ ရက်နဲ့ ၂၆ရက်တွေမှာ သင်တန်းပေးသွားမှာပါ။မြို့နယ် မှာ မဲရုံ ၂၁၀ ရှိတဲ့အတွက် မဲရုံမှူး ၂၁၀ ဦး /ဒုမဲရုံမှူး ၂၁၀ ဦး / မဲရုံအဖွဲ့ဝင် ၁၁၈၇ ဦး စုစုပေါင်း ၁၆၀၇ ဦး နဲ့တာဝန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ်ပညာရေးမှူး ဦးရွှေက ပြောကြားသည်။
၂၀၂၀ ပါတီစုံရွေးကောက်ပွဲကာလတွင် တာဝန်ယူဆောင်ရွက်ရန် ထက်အုပ် / လယ်အုပ် /ထက်ပြ / လယ် ပြ အရန်အင်အားများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သင်တန်းပို့ချတဲ့နေမှာ Covid-19 ရောဂါဖြစ်ပွားနေချိန်ဖြစ်တာကြောင့် Social Distancing နဲ့အညီ ပို့ချနေတာပါ။သင်တန်းသား ၄၂၀ ကို ကျွန်တော်တို့က အောက်တိုဘာ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ အခန်း လေးခန်း အသုတ် လေးသုတ်ခွဲပြီး တစ်ခန်းကို ၂၆ ဦး ပို့ချပေးနေပါတယ်” ဟု မလှိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ အဖွဲ့ဝင် ဦးဇော်မျိုးအောင်က ဆိုသည်။
မလှိုင်မြို့နယ်တွင် ပညာရေး ဆရာ/ဆရာမများအား မဲရုံမှူး / ဒုမဲရုံမှူးသင်တန်းကို ထန်းတော အခြေခံပညာ အလယ်တန်းကျောင်းတွင် နှစ်ရက် ပို့ချသွားမှာဖြစ်ပြီး ဆင့်ပွှားစင်တန်းအား ဆက်လက် ပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။
ဘိုဘို(မလှိုင်)


