မလှိုင် ၆ သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် Chikungunya ချီကန်ဂန်ညာ (ဆင်တုပ်ကွေးရောဂါ) ဖြစ်ပွားမှုများပြားလာကြောင်း မလှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

“ခုရာသီမှာ ဆင်တုပ်ကွေးလို့ခေါ်တဲ့ ရောဂါဖြစ်ပွားမှုတွေ ရှိပါတယ်။ အရေအတွက်က ဘယ်လောက်ပမာဏ များများစားစားဖြစ်တယ်လို့ ပြောမရတာကတော့ ဖြစ်ပွားတဲ့ လက္ခဏာပေါ် မူတည်ပြီး ကျွန်တော်တို့က ခန့်မှန်းရတာပါ။ နောက်ပြီး ဖြစ်ပွားတဲ့လူတွေ တစ်ချို့ကျတော့ ရောဂါမပြင်းထန်ဘဲ သက်သာသွားတာလေးတွေ၊ တစ်ချို့ကျတော့ ကိုယ့်ဘာသာဆေးသောက်ပြီး လျော့သွားတာလေးတွေ၊ ပြီးတော့ ကျွန်တော်တို့ဆီ ရောက်လာတဲ့ လူနာရဲ့ လက္ခဏာကိုမှန်းပြီး ဖြစ်ပွားမှု ရှိတယ်ဆိုတာ ပြောရတာပေါ့လေ။ ဖြစ်ပွားတဲ့အခါမှာလည်း တစ်အိမ်ထဲမှာ မိသားစုရှိတဲ့သူ အကုန်နီးပါးလောက် ဖြစ်ကြတယ်ဆိုတော့ ဒါတွေကလည်း ကျွန်တော်တို့က ခုချိန်မှာတော့ ဖြစ်ပွားမှုများနေပြီးလို့ဘဲ ပြောရမှာပေါ့"ဟု မလှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာန ကုသရေးဌာနမှူး ဒေါတ်တာနေမင်းမျိုးထွန်းက ပြောသည်။

 

ဆင်တုပ်ကွေးဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တုပ်ကွေးဆိုသည့်အတိုင်း ခြင်ကျားကိုက်၍ ဖြစ်ပွားသော ရောဂါဖြစ်ကြောင်း၊ ဆင်တုပ်ကွေးရောဂါသည် အသက်ကြီးသူများ၊ ရောဂါအခံရှိသူများတွင် ဆင်တုပ်ကွေးရောဂါလက္ခဏာ ပြင်းထန်လေ့ရှိကြောင်း သိရသည်။ 

 

“ဆင်တုပ်ကွေးကို ကာကွယ်ဆေးကလည်း မရှိသေးပါဘူး။ ရောဂါကုသရတဲ့ ဆေးဝါးလည်း လက္ခဏာတွေပျောက်အောင်လို့၊ ဒီရောဂါလက္ခဏာအတွက် သက်သာအောင်ကုတဲ့ဆေးပဲ ရှိပါသေးတယ်။ အဲဒါကြောင့် ဆင်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ပြည်သူလူထုက ရောဂါဖြစ်ပွားပုံ၊ ကူးစက်ပုံ၊ ကာကွယ်ပုံတွေကို သူတို့ကိုယ်တိုင် သိရှိပြီးတော့ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဒီရောဂါကို ကာကွယ်နိုင်မယ်လို့ ကျွန်တော်အနေနဲ့ ပြောလို့ရပါတယ်။ အဓိကကတော့ ရောဂါဖြစ်ပွားလို့ဆိုရင်တော့ ရောဂါပြင်းထန်တဲ့အချိန်တွေမှာ ကိုက်တာ၊ ခဲတာ၊ ဖျားတာ၊ နာတာရှိနေတဲ့ အတွက်ကြောင့်မို့ မိသားစုအတွက်ကော နိုင်ငံအတွက်ပါ နစ်နာမှု ဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ ကျွန်တော်တို့ပြောလို့ရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလိုဘဲ လူအများရဲ့ ဂရုစိုက်မှု ခံယူဖို့၊ နောက်တစ်ခါ နေရာတိုင်း၊ အိမ်တိုင်း၊ ရပ်ကွက်တိုင်းမှာ အမြဲတမ်း တစ်ပတ်တစ်ကြိမ်လောက် ဖုံး သွန် လဲ စစ် လုပ်ငန်းများနဲ့ လောက်လန်းသေအောင်ထားတဲ့ နည်းလမ်းများ လုပ်ဖို့၊ အကြောင်းကြောင်းကြောင့် အိပ်မယ်ဆိုရင် ဘယ်အချိန်အိပ်အိပ် ခြင်ထောင် ထောင်အိပ်ဖို့နဲ့ တစ်ကိုယ်ရေ ခြင်မကိုက်အောင် ကာကွယ်သောနည်းလမ်းများ သုံးခြင်းအားဖြင့် ဆင်တုပ်ကွေးရောဂါကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြောင်း” ကျန်းမာရေးဦးစီးဌာန ကုသရေးဌာနမှူး ဒေါတ်တာနေမင်းမျိုးထွန်းက ဆင်တုပ်ကွေးရောဂါအတွက် ဆေးဝါးများအကြောင်းနှင့် လိုက်နာရန်နည်လမ်းများကို ရှင်းပြသည်။

 

မလှိုင်မြို့နယ်တွင် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများရှိသော်လည်း ယနေ့အချိန်ထိ အဆိုပါရောဂါနှင့် ပတ်သက်၍ သေဆုံးမှုမရှိသေးကြောင်း မလှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ဘိုဘို(မလှိုင်)