သိုက်စိုးထွန်း(နတ်ရွာ)
တစ်ခုခုလုပ်စရာရှိတယ်။ လုပ်ရမှာကိုလည်း သိတယ်။ လုပ်လည်းလုပ်နေတယ်။ ဒီတစ်ခုတည်းဆိုရင်တော့ ဟုတ်နေတာပေါ့။ တစ်ခုကနှစ်ခု၊ နှစ်ခုကသုံးခု၊ များသထက်များလာတော့ သိပ်မမှတ်မိချင်တော့ဘူး။ ဟိုဟာလေး သတိရပြန်၊ အစပြန်ဖော် လိုက်ပြန်၊ ဒီဟာလေးသတိရပြန်၊ မဖြစ်သေးဘူးဆိုပြီး ဆက်လုပ်လိုက်ပြန်။ ဒီလိုဆိုတော့ ချာလပတ်လည်နေရော။
လုပ်စရာတွေများတာနဲ့အမျှ မေ့တတ်လာ
ကိုယ်တစ်ယောက်တည်း တစ်ကိုယ်တော် လုပ်ရကိုင်ရတဲ့ အလုပ်မျိုးဆိုရင်တော့ သိပ်အကြောင်းမဟုတ်ပါဘူး။ အထက်၊ အောက် ယန္တရားတွေနဲ့ ချိတ်ဆက်လည်ပတ်ရတဲ့နေရာ မျိုးဆိုရင် ဆောင်ရွက်ရန်ကိစ္စတွေက တော်တော်များကြတယ်။ အပေါ်ကလည်း လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေ တရစပ်လာနေတယ်။ ဘေးတိုက်ဌာနတွေ၊ အဖွဲ့အစည်းတွေ ကလည်း ဘာတွေလုပ်ရမယ်၊ ဘာတွေလုပ်သင့်တယ် ဆိုတာတွေကို သတိပေးနေတယ်၊ အောက်က လူတွေကလည်း ဘာလုပ်ပေးပါ၊ ညာလုပ်ပေးပါလို့ တောင်းဆိုနေတယ်။ ဟိုဟာကလည်း အရေးကြီးသလို ဒီဟာကလည်း အရေးကြီးတာပါပဲ။
လုပ်စရာတွေကများ၊ တစ်ခုလုပ်လိုက်၊ တစ်ခုမေ့လိုက်နဲ့ ဘယ်လိုများစခန်း သွားရပါ့ မလဲလို့ စဉ်းစားကြည့်လိုက်တော့ စာရင်းနဲ့ဇယား နဲ့အလုပ်လုပ်ရတယ်ဆိုတဲ့ သဘောလေးကို တွေ့လာတယ်။ တိုင်းတစ်ပါးသားတို့ရဲ့ စကား လုံးကို ယူသုံးရမယ်ဆိုရင်တော့ ဃ့နခု ူငျအ ရေးထားတာပေါ့။ တစ် ဘာလုပ်ရန်၊ နှစ် ဘာလုပ်ရန်၊ သုံး ဘာလုပ်ရန် စသည်အားဖြင့် ပေါ့။ နံပါတ်တစ်ကို လုပ်ပြီးပြီလား၊ ဒါဆို အမှန် လေးခြစ်လိုက်။ ပြီးတော့ နံပါတ်နှစ်ကိုဆက်။ နှစ်ပြီးရင် အမှန်ခြစ်၊ သုံးကိုဆက်။ ဒီလို သဘောပေါ့။
စာရင်းတို့မထားဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် မကြာမကြာ သတိပေးဖို့လိုတာပေါ့။ ဒါပြီးရင် ဟိုဟာ၊ ဟိုဟာပြီးရင် နောက်တစ်ခု ဆိုတာမျိုးကို ခေါင်းထဲမှာ စွဲနေအောင်မှတ်ထားရတယ်။ အကြီးအကဲက တစ်ခုခုပြောလိုက်တယ်၊ တိုင်းသူပြည်သား လူအများသိအောင် ရုပ်မြင်သံကြားတို့၊ သတင်းစာတို့ကနေ ထုတ်လွှင့်ဖော်ပြ ပေးလိုက်တယ်။ ဒါပေမယ့် မရသေးဘူး။ ထပ်ဆင့်ရှင်းလင်းပွဲတွေ လုပ်ရပြန်တယ်။ ထပ်ဆင့် ရှင်းလင်းပွဲအပေါ်မှာ နောက်တစ်ခါထပ်ပြီး ဖွင့်ဆိုရှင်းပြတဲ့ ရှင်းလင်းပွဲတွေ လုပ်ကြရပြန် တယ်။ ဒီလိုလုပ်တာ မှားသလားဆိုတော့ မမှားပါဘူး။
ဘာ့ကြောင့် ထပ်ခါထပ်ခါ ပြောနေကြရသလဲ၊ မေ့တတ်ကြလွန်းလို့။ နှစ်ထပ်ရှိတော့ မှတ်မိတာပေါ့ဆိုတဲ့ စကားရှိပါတယ်။ နှစ်ထပ်မက သုံးလေးထပ်ရှိတော့ ပိုလို့ပိုလို့များ မှတ်မိသွားမယ်လို့ မျှော်လင့်ပုံရပါရဲ့။ အကြိမ်ကြိမ် အထပ်ထပ် မှာရကြားရ ပြန်တယ်။ ဒီနည်းသုံးတာ ကိုယ့်ဆီမှာ တင်ပဲလားဆိုတော့လည်း မဟုတ်ပါဘူး။ တိုင်းတစ်ပါးသားတို့ ဌာနေမှာလည်း သုံးကြ တာကို တွေ့ရဖူးပါတယ်။
ခဏခဏ ထပ်တလဲလဲမှာနေတော့ အစပိုင်းမှာတော့ ဒါမလိုအပ်ဘဲလုပ်နေတဲ့ အပိုအလုပ်တွေပဲလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ထင်ခဲ့မိတာ ကိုယ့်အမှားဖြစ်သွားပြန်တယ်။ ဒီလောက်မှာနေတာတောင်မှ မသိကျိုးကျွန်ပြုပြီး အလွဲလွဲ အချော်ချော် လုပ်နေသူတွေ ရှိနေလို့ပါ။ ပြေးရပြန်ပြီ၊ ပြောရပြန်ပြီ၊ သတိပေးရပြန်ပြီ။ အင်း၊ မေ့တတ်တာကိုက လူ့သဘာဝထင်ပါရဲ့။ မနေ့ ညကမှ ပြောထားတာကို မေ့သွားတယ်ဆိုတော့ မခက်ဘူးလား။ တဖွဖွမှာရုံနဲ့ အဆင်မပြေတော့ စာနဲ့ပေနဲ့ ရေးမှတ် ပေးလိုက်ရတယ်။ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာကို ရေးပေးလိုက်တာကို မဖတ်တော့ တဖွဖွ မှာရပြန်တယ်။ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်းတွေ သတိပေးရပြန်တယ်။
အလုပ်မပြီးပေမယ့် စိတ်မပူတတ်ဖြစ်လာ
ဘယ်လောက်ပဲမှာပေမယ့် မေ့တတ်တဲ့သူတွေကျတော့ မေ့ကိုမေ့တာပါပဲ။ ဒီလိုပါပဲ။ တချို့တစ်လေက ခဏတစ်ဖြုတ်သွားတဲ့ ခရီးတစ်ခုမှာ တစ်နေ့တာ အစီအစဉ်တွေကို မေ့သွားတတ်ကြသလို တချို့သူတွေကျတော့ ဘဝအတွက် အရေးကြီးတဲ့ အလုပ်ကိစ္စတွေကိုတောင် မေ့သွားတတ်ကြတယ်။ တစ်နည်းအားဖြင့် မေ့နေချင်ယောင် ဆောင်ပစ်လိုက်ကြတယ်။
အလုပ်တွေက အရေးကြီးနေတယ်။ ဒီဟာလည်း အရေးကြီးသလို ဟိုဟာလည်း အရေးကြီး ပြန်တယ်။ အစပိုင်းတုန်းကတော့ အရာရာကို အလေးအနက်ထားပြီး ကြိုးစားသေးတာပေါ့။ ကြာလာတော့ မနိုင်မနင်းတွေ ဖြစ်ကုန်တယ်။ စိတ်တွေကလည်း တုန်တုန်လှုပ်လှုပ်ပေါ့။ အလုပ်တစ်ခု မပြီးမြောက်ဘဲ အိပ်လိုက်ရတဲ့ ညတွေတိုင်းဟာ အိမ်စာတွေ မပြီးခဲ့ရင် ဘယ်နှချက် အရိုက်ခံရမယ်လို့ ဆရာမက အမှာခံလိုက်ရတဲ့ ညမျိုးမှာ ဘာအိမ်စာမှ မလုပ်လိုက်ရဘဲ အိပ်ရာဝင်ခဲ့ရသလို မျိုးဖြစ်ရပြန်တယ်။ ဒါပေမယ့် အိမ်စာမပြီးတဲ့ ရက်တွေများလာတော့ အရိုက်ခံရမှာကို ထူးပြီး မပူတော့သလိုဘဲထင်ပါရဲ့။ အလုပ်တွေကများ၊ များပြီးရင်းများလာတော့ ဘယ်အလုပ်မပြီးလို့မှ စိတ်မပူတတ်တော့ဘူး။ မရှိလို့ လုပ်စားတာ ဖြည်းဖြည်းပေါ့ဆိုတဲ့ အတိုင်းပဲ။ ခပ်သွက်သွက်တော့ မလုပ်တော့ဘူး။ ဘယ်လောက်ပဲ အလုပ်တွေများ နေပါစေ၊ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်နေတော့တယ်။ လုပ်စရာအလုပ်တွေနဲ့ ဘက်ပေါင်းစုံက အဝိုင်းခံနေရချိန်မှာ ပထမတော့ လန့်ဖျပ်သွား ခဲ့မှာပေါ့။ နောက်တော့လည်း တချို့အလုပ်တွေကို မေ့တတ်သွားတယ်။ တကယ်မေ့ခဲ့တာပါပဲ။ ဒါပေမယ့်လည်း နောက်ပိုင်းကျတော့ တချို့အလုပ်တွေကို မေ့ချင်ယောင်ဆောင်တတ် သွားတယ်။ အတင်းအကျပ်မေ့ဖို့ ကြိုးစားပစ်လိုက် တာမျိုးလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ မမေ့လည်း မေ့၊ မေ့လည်း မေ့ဖြစ်ကုန်တယ်။
လုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို မေ့လျော့သွားစေခြင်းရဲ့ အကြောင်းတရားတွေထဲမှာ ကိုယ့်ဘာသာ မသိလိုက် မသိဘာသာနေလိုက်လို့ မေ့သွားတာမျိုးဖြစ်စေ၊ အတင်းအကျပ်မေ့ပစ် ဖို့ ကြိုးစားရင်းနဲ့ ဒီကြိုးစားချက် အောင်မြင်ပြီး မေ့သွားတာမျိုးဖြစ်စေ တစ်နည်းနည်း ပါနိုင်ပေမယ့် ဒီနှစ်ခုတည်းရှိတာတော့ မဟုတ်သေးပါဘူး။ မေ့လျော့စေတဲ့အထဲမှာ သုရာမေရိယ ဆိုတာတွေလည်း ထိပ်ဆုံးကပါတယ်ဆိုပဲ။ လောကကြီးထဲမှာ ကိုယ့်ရဲ့စိတ်နှလုံးကို သိမ်းကျုံးယူငင်သွားပြီး ယစ်မူးစေတတ်တဲ့၊ မိန်းမောစေတတ်တဲ့ အရာတွေကလည်း အများကြီးရှိပုံရပါရဲ့။ ယစ်မူးစေတတ်တဲ့ အရာတွေကြားထဲမှာ ကိုယ်အမှန်တကယ် လုပ်ရမယ့်အရာတွေကို မေ့သွားတတ်တာ သိပ်တော့မဆန်းဘူးလို့ ပြောရမှာပါပဲ။
ပိုလေးနက်စေချင်လို့ မေ့ယောင်ဆောင်
ဒီနေရာမှာ ပြောစရာတစ်ခုရှိလာ ပြန်တယ်။ တချို့ကိစ္စတွေမှာကျတော့ ကိုယ်က မေ့လည်းမမေ့ဘူး၊ မေ့ချင်ယောင် ဆောင်တာလည်း မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီဟာကို မလုပ်သေးဘူးတဲ့။ ဘာ့ကြောင့် မလုပ်သေးတာလဲဆိုတော့ အဲဒီအရာ ကို ပိုမိုထူးခြား လေးနက်စေချင်လို့တဲ့။ ဒီအခြေ အနေမျိုးမှာတော့ ကိုယ်မမေ့ပေမယ့် တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်း နှိုးဆော်မှုကို စောင့်ဆိုင်းရတတ်တဲ့သဘော ရှိပြန်တယ်ထင်ပါတယ်။
ကိုယ်က ဒီကိစ္စကိုအကောင်အထည်ဖော်ချင် နေတယ်။ ဒီဟာ မလုပ်သေးဘူးလားလို့ တစ်စုံတစ်ယောက်က မေးလိုက်တယ်။ ဒါမှမဟုတ် ဘယ်လုပ်ငန်း ဘယ်ကိစ္စကို ပြုလုပ်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိနှင့်ရှိပါက မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းဆိုတဲ့ မေးခွန်းမျိုးပေါ်လာတယ်ဆိုပါတော့။ အဲဒီမှာ ငိုချင်လျက် လက်တို့ဆိုတဲ့အတိုင်း ဖြစ်သွားတော့တာပါပဲ။ လုပ်ပါ့မယ်ဗျ၊ လုပ်မယ်ဗျဆိုတဲ့ အဖြေမျိုးကို ခပ်မြန်မြန် ပေးလိုက်ရတော့ တာပေါ့လေ။ အာမဘန္တေခံလိုက်ရပြီပေါ့။ ဒီတော့ ပိုလေးနက်သွားပြီပေါ့။ ဒါ ဘယ်သူ့တိုက်တွန်းချက် လည်းပါတယ်လေဗျာ၊ ဒါ့ကြောင့် အလေးထားပြီး ဆောင်ရွက်နေရတာပေါ့ဆိုတဲ့ အပြောမျိုးနဲ့လည်း စကားတန်ဆာဆင်နိုင်သွားတာပေါ့။ တစ်ခါတစ်ခါကျတော့ ကျုပ်ဒါလေးလုပ်ချင်လို့၊ ဒါလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးပေးစမ်းပါ့ ဆိုတာမျိုးတောင် တီးလုံးတိုက်ရ လေသေးပြန်တော့။ ဒီနေရာမှာ ဆိုလိုတာက တိုက်တွန်းချက် တစ်ခုခုပါလာတဲ့အခါ မူလအခြေအနေထက် ပိုမိုလေးနက် သွားတယ်လို့သာ ဆိုလိုရင်းဖြစ်ပြီးတော့ တစ်စုံတစ်ခုဆောင်ရွက်ရာမှာ ပိုမိုလေးနက်စေလိုတဲ့အခါ တိုက်တွန်းချက် တစ်ခုခုကိုလည်း စောင့်ဆိုင်းရတတ်တယ်ဆိုတဲ့ သဘောလေးကိုသာ ပြောလိုရင်း ဖြစ်ပါတယ်။
တကယ်တော့ ဒီနေရာမှာတင်ပြလိုတဲ့အချက်က နှစ်ခုတည်းပါ။ မေ့သွားတယ်၊ မေ့ချင်ယောင် ဆောင်သွားတယ်၊ မေ့ဖို့ကြိုးစားတယ် ဆိုတဲ့အချက် တစ်ခုရယ်၊ ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ တခြားသူ တစ်ယောက်ယောက်ကဖြစ်စေ အစဖော်ပေးရတယ်၊ မေးမြန်းပေးရတယ်၊ တိုက်တွန်းပေးရတယ် ဆိုတဲ့အချက်တစ်ခုရယ်ပါ။ ဒီအချက်နှစ်ခုက အပေး အယူအချိတ်အဆက်မိမိလှုပ်ရှားနေမှ လုပ်ကိုင်ဆောင်ရွက်သမျှ အရာတွေကလည်း လိုက်လျောညီထွေ ဖြစ်နေတတ်တာမျိုး ထင်ပါရဲ့။
စာရင်းလေးတို့ထားကြမယ်
မေ့နေတာတွေကို ပြန်ဖော်ဖို့ အကြောင်းတရားတွေလည်း ရှိတယ်။ မမေ့အောင် တဖွဖွ ပြောကြတာတွေလည်း ရှိတယ်။ စာရင်းကလေး၊ ဇယားကလေးတွေနဲ့ တေးမှတ်ထားတာမျိုးလည်း ရှိပါတယ်လို့။ ကိုယ်ကိုယ်တိုင် မမေ့အောင် ကြိုးစား ရတယ်။ ကိုယ်က မမေ့အောင်လက်တို့ပေးရမယ့် သူဆိုရင်လည်း တို့သင့်တဲ့အခြေအနေ အချိန်အခါမှာတို့ကို တို့ပေးမှ ဖြစ်ပါလိမ့်မယ်။
ဘဝမှာလုပ်စရာတွေက အများကြီးပါ။ ဒီအများကြီးထဲမှာမှ ဘယ်နှခုလောက် လုပ်ပြီးခဲ့ပြီလဲ ဆိုတာကို ကိုယ်ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်ပြီးရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေလည်း သိကြမှာပါပဲ။ လုပ်စရာ လေးငါးခုရှိတယ်ဆိုပါ တော့။ ဒါဆိုရင်လည်း စာရင်းလေး တို့ကြည့်ရမှာပေါ့။ ၁၊ ၂၊ ၃၊ ၄၊ ၅။ ဘယ်နှခုလောက်များ အမှန်ခြစ်လို့ ရနိုင်ပြီလဲဆိုတာ ကိုယ့်စာမေးပွဲကို ကိုယ့်ဘာသာပြန်စစ်ပြီး အောင်ခြင်း၊ ရှုံးခြင်းကို ကိုယ့်ဘာသာပဲ အဆုံးအဖြတ်ပေးရမှာပါ။ ဘယ်အချိန်မှာ စာမေးပွဲ ပြန်စစ်သင့်သလဲဆိုရင် အခုအချိန်ပါပဲ။ ဘဝမှာ ဘယ်အရာတွေကိုဆောင်ရွက်မယ်လို့ ရည်ရွယ် ထားခဲ့သလဲ၊ အခုဘယ်နှခု ဆောင်ရွက်ပြီးခဲ့ပြီလဲ၊ နောက်ထပ်ဆောင်ရွက်ရန် အကြွေးကျန်တွေ ဘယ်နှခုကြီးတောင် ကျန်နေသေး သလဲဆိုတာတွေကို ဆန်းစစ်ဖို့ပေါ့။
စစ်တာကတော့ စစ်နေရမှာပါပဲ။ အခုလည်း စစ်သလို နောင်လည်း စိစစ်နေရဦးမှာပါပဲ။ ကိုယ် ရည်ရွယ်ခဲ့ဖူးတဲ့ ပန်းတိုင် တွေကို ရောက်ခဲ့တယ် မရောက်ခဲ့ဘူးဆိုတာ ကိုယ်ကိုယ်တိုင် တောင်မှ ဇဝေဇဝါဖြစ်နေရင် ကျန်တဲ့သူက အသိအမှတ်ပြု ပေးဖို့ဆိုတာ ပိုဝေးတော့မှာပေါ့။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အမြဲမပြတ်ဆန်းစစ်နေဖို့ လိုပါတယ်။ တစ်ဘဝလုံးအတွက်မှ တစ်ကြိမ်တစ်ခါလောက်သာ ဆန်းစစ်ရမှာ မဟုတ်ပါဘူး။ နှစ်စဉ်၊ လစဉ်လည်း ဆောင်ရွက်ဖို့လိုပါတယ်။ နှစ်စတုန်းက ဒီနှစ်ဘာတွေလုပ်မယ်လို့ ရည်ရွယ်ခဲ့သလဲ၊ ချရေး၊ ချရေး၊ တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းလေးတွေ တပ်ပြီးတော့ပေါ့။ ဘယ်နှခုအောင်မြင်ခဲ့ သလဲ၊ ဘယ်နှခု ကျရှုံးခဲ့သလဲ။ လဆန်းပိုင်းတုန်းက ဒီလ ဘာလုပ်မယ်လို့ ရည်ရွယ်ခဲ့သလဲ။ အခု ဘာတွေပြီးနေပြီလဲ။ တစ်ချက်ချင်း ပြန်စစ်လိုက်တော့မှ ဟန်ကျတာတွေရော၊ မကျတာတွေရော အကုန်ပြန်သိပြီး ရှေ့ခရီးအတွက် အကောင်းဆုံး ပြန်လည်သုံးသပ် ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
တစ်ခါတစ်ခါကျတော့ စာရင်းနဲ့ဇယားနဲ့ လုပ်မှာကို သိပ်ကြောက်တတ်ကြပါတယ်။ နေဦးလေ၊ လုပ်တော့ လုပ်မှာပဲလေ၊ ဒီလိုကြီး အတိအကျကြီးတော့ လာမမေးပါနဲ့ဦးလား ဆိုတာမျိုးနဲ့ ပြန်လှန်ရန်တွေ့တတ်ကြတယ်။ တကယ်တော့ တိတိကျကျရှိမှ မိမိရရဖြစ်မှာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း တိကျဖို့လိုသလို ကိုယ့်ပတ်ဝန်းကျင်က လူအပေါ်မှာလည်း တိကျပေးနိုင်ဖို့ လိုပါတယ်။ ကြိုးစားပါ့မယ်ဆိုတာနဲ့ မရနိုင်ဘူး။ ဘယ်လောက်ကြိုးစားမှာလဲ၊ အချိန် ဘယ်လောက်ယူမှာလဲ၊ ဦးတည်ချက် ပန်းတိုင်က ဘယ်အတိုင်းအတာအထိလဲ၊ ဘယ်အနေအထား လောက်အထိ မှန်းထားသလဲ၊ အခု ဘယ်လောက်ပြီးပြီလဲ၊ နောက်ထပ်ဘာတွေ ကျန်သေးသလဲ၊ ဘယ်လိုနည်းတွေနဲ့ ခရီးဆက်မလဲ။ ဒီစာရင်းဇယားလေး တွေကတော့ တို့ကို တို့ထားဖို့ လိုမှာပါ။ ယောင်ဝါးဝါးနဲ့ မရတော့ပါဘူး။ ကြာရင်ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီး ရောက်သွားလိမ့်မယ်။
ပြန်လည်သုံးသပ်ရင်း အကောင်းဆုံးခရီးဆက်
တစ်ခုတော့ရှိပါတယ်။ တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေးပြီး ချမှတ်လိုက်တဲ့ ရည်ရွယ်ချက်တွေက လက်တွေ့ဆန်ဖို့၊ ဖြစ်နိုင်ဖို့တော့ လိုပါလိမ့်မယ်။ မနက်ဖြန် ထမင်းနှစ်နပ်စားမယ်ဆိုပြီး ပေါက်ကရ ချမှတ်လို့မရသလို၊ မနက်ဖြန် ထိပ်တန်း သူဌေးကြီး ဖြစ်ရမယ်ဆိုတာမျိုးလည်းချလို့ မရနိုင်ပါဘူး။ ကိုယ့်ရဲ့ အခြေအနေ အချိန်အခါကိုကြည့်ပြီး သင့်လျော်မယ့် ဦးတည်ချက်မျိုးကို လက်တွေ့ကျကျ ချမှတ်နိုင်ဖို့လိုမှာပါ။ ရည်ရွယ်ချက်ကို လက်တွေ့သဘောနဲ့ တိတိကျကျ ချမှတ်နိုင်ပြီဆိုရင် လုပ်ဆောင်ချက်ကိုလည်း မိမိရရ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပြီးတော့ ကိုယ်တို့ထားတဲ့စာရင်း ကလေးနဲ့ နောင်တစ်ချိန် ပြန်တိုက်ရဦးမှာပေါ့။ ချမှတ်ခဲ့တာ လေးငါးခု၊ အကောင်အထည်ဖော် ပြီးတာလည်း လေးငါးခုဆိုရင် အားလုံးအဆင်ပြေမှာ ပေါ့လေ။ ဒီလိုမဟုတ်ဘဲ ဖွတ်မရ၊ ဓားမအဆုံးတွေချည်း ဖြစ်ခဲ့ရင်တော့ စာရင်းလေးရဲ့ ဟိုတစ်ဖက်မှာ ကြက်ခြေတွေချည်း ခတ်ပစ်နေရဦးတော့မှာပါ။
ဘဝအတွက် ဒီစာရင်းလေးက အရေးကြီးပါတယ်။ တစ်နေ့တာ ဘာတွေလုပ်မလဲ၊ ဘာတွေလုပ်ခဲ့ပြီလဲ။ တစ်လတာ၊ တစ်နှစ်တာမှာ ဘာတွေလုပ်မလဲ၊ ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ဒါတွေကို မျက်ခြည်မပြတ် စောင့်ကြည့်သုံးသပ်နိုင်နေမှသာ ရှေ့ခရီးကို အကောင်းဆုံးပုံစံနဲ့ ဆက်နိုင်မှာဖြစ်ပါတယ်။ ယေဘုယျရည်ရွယ်ချက်တွေချည်း ချလိုက်ပြီး ယေဘုယျ သုံးသပ်ချက်တွေနဲ့သာ သွားနေရင်တော့ ယောင်ဝါးဝါးပဲ ဖြစ်နေဦးမှာပါပဲ။ အချိန်မီ ပြန်သုံးသပ်ပြီး ပြင်သင့်တဲ့ စာရင်းတွေကိုလည်း ပြန်ပြင်ဖို့ လိုဦးမှာပါပဲ။
အချုပ်အားဖြင့်ပြောရရင်တော့ ဒီကနေ့ ဒီအချိန်ကစပြီး တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေးပြီး စာရင်းလေး တို့ထားလိုက်မယ်ဆိုရင် ကိုယ့်ဘဝရဲ့ အနာဂတ်ခရီးလမ်း၊ ကိုယ့်အဖွဲ့အစည်းရဲ့ အနာဂတ် ခရီးလမ်းကို ဖြောင့်ဖြောင့် တန်းတန်းကြီး လျှောက်လှမ်းနိုင်ဖို့အတွက် အားကောင်းတဲ့ အထောက်အပံ့တွေ ဖြစ်နေပါလိမ့်မယ်။ ။