mdn

နေပြည်တော် ၃၀ ဇူလိုင်

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် လက်ရှိအခြေအနေအား ယေဘုယျခြုံငုံ သုံးသပ်ချက် အကျဉ်းချုပ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူအားလုံး သိရှိမှတ်သားလေ့လာ သုံးသပ် ဆင်ခြင်နိုင်ကြစေရန် ဇူလိုင်လ ၂၈ ရက်နေ့က အသိပေးထုတ်ပြန်လိုက်သည်။

 

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်မှ ယနေ့ အချိန်အထိ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ခဲ့ခြင်း လုပ်ငန်းကို ပြည်သူ့ကျန်းမာရေးရှုထောင့်၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားရှုထောင့်မျိုးစုံတို့မှ ကြည့်ရှုသုံးသပ်ပြီး ဆက်လက်လိုက်နာဆောင်ရွက်ရမည့် အခြေအနေများကို အကျဉ်းချုပ်တင်ပြထားရာ ယင်း အစီရင်ခံစာကို အသေးစိတ်လေ့လာဖတ်ရှု၍ လုပ်သင့်လုပ်ထိုက်သည် များအား ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ယခုအချိန်အခါတွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အကောင်းဘက် သို့ဆောင်ကြဉ်းသော အလားအလာများ ရှိလာသဖြင့် နိုင်ငံတော်အစိုးရက ဖြေလျှော့ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးဘက်တွင် လိုက်နာမှုအားနည်းလာသည်ကို တွေ့လာရသည်။ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများဝတ်ဆင်ခြင်း၊ ခပ်ခွာခွာ နေထိုင်သွားလာခြင်း အလေ့အထလုပ်ဆောင်မှုများ အားနည်းလာပြီး သက်ဆိုင်ရာတို့၏ တိုက်တွန်းနှိုးဆော်မှုများလည်း လျော့ကျလာသဖြင့် ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပေါ် လာမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ရပါသည်။

 

မြန်မာနိုင်ငံ၏အနေအထားအရ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမှာ စိုးရိမ်ပူပန်ဖွယ်အနေအထားမရှိခြင်း၊ ပြည်သူလူထုအချင်းချင်း ကူးစက်မှု မတွေ့ရှိရခြင်းတို့ကြောင့် နိုင်ငံတော်က ဖြေလျှော့မှုများ ပြုလုပ်ပေးလာခြင်း အပေါ် ပြည်သူများဘက်၌ ရောဂါမဖြစ်တော့သလို ပေါ့ပေါ့လျော့လျော့ နေထိုင်သွားလာလုပ်ကိုင်နေမှုများသည် ကိုဗစ်ဒုတိယလှိုင်းကို ဖိတ်ခေါ်နေ သကဲ့သို့ ဖြစ်နေသည်။ အမှန်တကယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်ဖြင့် ဖြစ်ပွားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရောဂါ တွေ့သူ၊ ရောဂါကုသသူ အလျှင်းမပျောက်ကွယ်သေးဘဲ ဆက်လက် ရှိနေဆဲဖြစ်သည်။

 

ထိန်းချုပ်မှုများကို လျှော့ချပေးသည်ဆိုရာ၌ ရောဂါကူးစက်ဖြစ်ပွားမှု၊ ကုသမှုအခြေအနေများနှင့် ပြည်သူများ လူမှုစီးပွားဘဝ ရပ်တည်နေထိုင်ရမှု အခြေအနေများကို ဆင်ခြင်သုံးသပ်၍တဖြည်းဖြည်းလျှော့ချပေးနေခြင်းသာ ဖြစ်သည်။ ထိန်းချုပ်မှုများကို ဖြေလျှော့ပြုလုပ်ပေးရာ၌ "စပရိန်တစ်ခုကိုထားရာမှ ရုတ်ခြည်းလွှတ်လိုက်ပါက တွန်းကန်ခုန်ထွက်သွားနိုင်သဖြင့် ဘဖြည်းဖြည်းသာ ဖိအားကို လျှော့ချရသည့်အလားဟူသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးချက်နှင့်အညီ ရောဂါဖြစ်ပွားမှု အရှိန် အဟုန်နှင့် ပျံ့နှံ့ကူးစက်မှုအပေါ်မူတည်၍ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း လျှော့ချပေးနေခြင်းဖြစ်သည်ကို သိရှိဖို့လိုမည်ဖြစ်သည်။

 

ပြည်သူများအနေဖြင့် စားဝတ်နေမှု နေ့စဉ်လူမှုဘဝအတွက် လှုပ်ရှား ရုန်းကန်နေ့စဉ်ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်သည်မှန်သော်လည်း ကပ်ရောဂါကင်းဝေးရေးအတွက် နေ့စဉ်မဖြစ်မနေလုပ်ဆောင်ရမည့် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို မမေ့မလျော့မပေါ့မဆ အထူးသတိဝီရိယဖြင့် လုပ်ကိုင် ဆောင်ရွက်ကြရန် လိုမည်ဖြစ်သည်။ မြန်မာ တို့၏ လူမှုဘဝလောကတွင် ဘာမှမဖြစ်လျှင် ဘာမှမဖြစ်ပါဘူး ဟူသည့် လွယ်လွယ်ပြော လွယ်လွယ်လုပ်တတ်သည့် လက်သုံးစကား အပြုအမူများ သည် ယခုကဲ့သို့ ရောဂါဘေးအန္တရာယ်ကြီးရှိနေစဉ်တွင် အချိန်မရွေးအန္တရာယ် ကျရောက်နိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

 

ရရှိနေသော အခြေအနေကောင်းတစ်ရပ်ကို ညီညီညွတ်ညွတ် ဝိုင်းဝန်း လက်တွဲ အသိစိတ်ဓာတ်ရှိစွာ ထိန်းသိမ်းနိုင်မှသာ ပိုမိုကောင်းမွန်သော အနာဂတ်သစ်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရောဂါပိုးတွေ့ရှိ သူများတွင် ရောဂါလက္ခဏာမပြဘဲ ဖြစ်ပွားသူ ၆၀ ရာခိုင်နှုန်းရှိနေခြင်းသည် အချိန်မရွေး၊ နေရာမရွေး အန္တရာယ်ရှိနေကြောင်း သတိပေးနေသည်။ ဖိနှိပ်တားဆီးထားသောအရာကို ချက်ချင်းလွှတ်ချလိုက်ပါက အရှိန်အဟုန်ဖြင့် ကြွထလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ယခုအချိန်အခါတွင် ပြည်သူများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီး၍ ရောဂါကာကွယ်ရေးနည်းလမ်း များကို ဆက်လက် လိုက်နာပါက ကူးစက်မှုဒုတိယလှိုင်းဖြစ်ရန် အလွန် နည်းပါးပြီး ယင်းမှ နောင် သုံးလေးလကြာလျှင် အခြေအနေကောင်းကို ရောက်နိုင်သည်။

 

သို့ဖြစ်ရာ လူများသည့်နေရာများသို့သွားရောက်ပါက နှာခေါင်းစည်း ဝတ်ရန်၊ တတ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ ဆပ်ပြာနှင့်ရေအသုံးပြု၍လက်ကို စက္ကန့် ၂၀ ကျော်ကြာဆေးကြောရန်၊ မိမိပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ သံသယရှိသူတွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ရန် အချက်များ ကို အသိတရားဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ