နေပြည်တော် ၃ ဇူလိုင်
သမိုင်းဟူသည် လူသားတို့၏ နေထိုင်မှုဘဝဖြစ်စဉ်များထဲမှ ထင်ရှားသော ကာလအပိုင်းအခြားများနှင့် ထူးခြားသောဖြစ်ရပ်များကို ဆိုလိုသည်။ နိုင်ငံ့သမိုင်း၊ ကမ္ဘာ့သမိုင်းဟူ၍ရှိရာ၌ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့်ပတ်သက်၍ ပြုမူကျင့်ကြံပြီးသမျှ သမိုင်းကိုယ်စီရှိသည်။ လူတစ်ဦးချင်းစီတွင် ကောင်းသော သမိုင်းကို ရေးထိုးနိုင်သူရှိသလို မရေးထိုးနိုင်သူလည်းရှိသည်။ အရေးကြီးသည်မှာ သမိုင်းကြောင်းကို ကောင်းအောင်ရေထိုးနိုင်ရေးနှင့် သမိုင်းကြောင်းကို မည်းညစ်စွန်းထင်းအောင် မပြုလုပ်မိရေးဖြစ်သည်
၂၀ ရာစုသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက လွတ်လပ်ရေးအကြိုကာလ၌ ကိုယ်ကျိုးစွန့်သူ၊ တိုင်းပြည်အတွက် အဘက်ဘက်မှအနစ်နာခံသူ ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို များသောအားဖြင့်တွေ့ရသည်။ ထိုပုဂ္ဂိုလ်များသည် သမိုင်းကြောင်း ကောင်းသူများဖြစ်သည်။ ထိုကာလမှစ၍ နိုင်ငံရေးအယူအဆ၊ ခံယူချက်ကွဲလွဲမှု၊ အာဏာမက်မောမှုတို့ကြောင့် တိုင်းပြည်နှင့်လူမျိုးကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြသူများလည်း ရှိသည်။ ထိုသူတို့သည် သမိုင်းကြောင်း မကောင်းသူများဖြစ်သည်။
မြန်မာပြည်သမိုင်းတွင် မိမိကိုယ်ကိုမိမိ မည်းညစ်စွန်းထင်း ကျန်ရစ်အောင် ပြုလုပ်ခဲ့ကြသူများသည် မိမိအာဏာရရှိရေး၊ မိမိတို့ဝါဒ၊ မိမိတို့အာဃာတ ရှေ့တန်းတင်ရေးတို့ကို တစိုက်မတ်မတ်ပြုလုပ်ခဲ့ကြသည်။ အာဏာကို ဖြတ်လမ်းမှ ရလိုသူတို့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် အနစ်နာခံ ကြိုးပမ်းအားထုတ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသား ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့ကြသည်။ ၎င်းတို့သည်မြန်မာ့သမိုင်းကို စွန်းထင်းမည်းညစ်အောင် ပြုလုပ်ခဲ့သည်။
လူတိုင်း လူတိုင်းသည် မိမိတို့၏သမိုင်းကို မိမိတို့ကိုယ်တိုင်ရေးထိုး ခဲ့ကြသည်။ မြန်မာတို့၏ လူကြီးသူမ ဆိုစကားတွင် “လူပင်သေသော်လည်း နာမည်မသေစေနှင့်” ဟုဆိုကြသည်။ ဆိုလိုရင်းမှာ နာမည်မထင်မရှား၊ နာမည်ပျက်နှင့် ဘဝကိုအဆုံးမသတ်နှင့်ဟု သတိပေးခြင်းဖြစ်သည်။ မိမိတို့ဘဝခရီးကို ဖြတ်သန်းရာတွင် နာမည်တစ်လုံး ကျန်ရစ်အောင်ကျင့်ကြံအားထုတ်ဖို့ အသိပေးနှိုးဆော်ခြင်းဖြစ်သည်။ သို့သော် များသောအားဖြင့် သေဆုံးပြီးနောက် နာမည်လည်းသေ၊ နာမည်လည်း ပျောက်ကွယ်သွားကြသူများသာ အများဆုံးဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် လူပင်သေသော်လည်း နာမည်တစ်လုံးကား ထာဝစဉ် ရှင်သန်နေဆဲဖြစ်သည်။ ထိုသို့ရှင်သန်နေရန် ဗိုလ်ချုပ်သည် ၎င်း၏သမိုင်းကို လှပသေသပ်စွာ ရေးထိုးသွားခဲ့သည်။ မြန်မာတစ်မျိုးသားလုံး၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်အောင် မော်ကွန်းတင်ခဲ့သည်။ ၎င်း၏သမိုင်းကို အသက်ပေး၍ အဆုံးသတ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း သမိုင်းသည်ကား မြန်မာတစ်မျိုးသားလုံး၏ နှလုံးသားတွင်အဆုံးမသတ်၊ ဆက်လက်ရှင်သန်နေဆဲဖြစ်သည်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံမှုများ၊ သူမတူအောင် စွမ်းဆောင်မှုများ၊ ကိုယ်ကျင့်တရားကောင်းမှုများ၊ အသက်စွန့်လွှတ်ပေးဆပ်မှုများသည် မမေ့နိုင်ဖွယ်ရာ သမိုင်းမှတ်တမ်းများ ဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်သည့် မော်ကွန်းမှတ်တမ်းများဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပါ စံတင်အသိအမှတ်ပြုထားသည့် မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာကြီးဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံး အသိအမှတ်ပြုကြသည့် သမိုင်းမှတ်တမ်းဝင် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြစ်စဉ်သမိုင်းမှာ မမေ့နိုင်ဖွယ်ဖြစ်သည်
သို့ဖြစ်ရာ မြန်မာတစ်မျိုးသားလုံး၏ မမေ့နိုင်ဖွယ်ဖြစ်သော၊ သမိုင်းဝင်၊ သမိုင်းတွင်သော၊ လူပင်သေသော်လည်း နာမည်မသေကျန်ရစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်ပေး ကြိုးပမ်းဆောင်ရွက်ပေးသွားခဲ့သည့် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကို ယနေ့ မျိုးဆက်များက ဆက်လက်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ