မမျိုးဥတွေကို စမ်းသပ်ခန်းထဲမှာ အောင်မြင်စွာ ကြီးထွားဖွံ့ဖြိုးစေနိုင်ခဲ့

လန်ဒန် ၉ ဖေဖော်ဝါရီ

 

သိပ္ပံပညာရှင်တွေဟာ မျိုးဥအိမ်တစ်ရှူးထဲက ကနဦးအဆင့် မျိုးဥတွေကို စမ်းသပ်ခန်းထဲမှာ ပထမဆုံးအကြိမ်အဖြစ် ရှင်သန်ကြီးထွား စေနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုလို မမျိုးဥတွေကို သားအိမ်ပြင်ပမှာ အောင်မြင်စွာ ကြီးထွားစေနိုင်တဲ့ စမ်းသပ်ချက်ရလဒ်တွေကို နောက်ပိုင်းမှာ အစားထိုး ဆေးဝါးကုထုံးတွေနဲ့ သားသမီး မရနိုင်သူတွေအတွက် ကုထုံးသစ် တစ်ခုအဖြစ် အသုံးပြုနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားထားပါတယ်။

 

 

အဆိုပါ စမ်းသပ်မှုတွေကို ယခင်က ကြွက်တွေကို အသုံးပြုစမ်းသပ်ခဲ့ပါတယ်။ ကြွက်တွေရဲ့ မျိုးဥတွေကို စမ်းသပ်ခန်းထဲမှာတင် အဆင့်ဆင့် ကြီးထွားစေခဲ့ပြီး ကြွက်ပေါက်စလေးတွေကို ပေါက်ဖွားစေခဲ့ပါတယ်။ ယခု လူသား မျိုးဥတွေကို အလားတူ စမ်းသပ်ပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။

 

ယခုနောက်ဆုံး လူသား မမျိုးဥ သားအိမ်ပြင်ပမှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ စမ်းသပ်ချက်ကို အက်ဒင်ဘရာမြို့ (Edinburgh ) သုတေသနဆေးရုံ နဲ့ နယူးယော့ခ် (New York) က လူသားမျိုးပွားစင်တာ (Center for Human Reproduction) စတဲ့ နေရာ ၂ နေရာမှာ သိပ္ပံပညာရှင်တွေက စမ်းသပ်ခဲ့တာဖြစ်ပြီး ယခုလို လူ့ခန္ဓာကိုယ်ပြင်ပမှာ မမျိုးဥတွေကို အောင်မြင်စွာ ကြီးထွားစေနိုင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

 

သိပ္ပံပညာရှင် အများစုက စမ်းသပ်မှုရလဒ်ဟာ အလွန်အရေးပါပြီး အသုံးဝင်မှာဖြစ်ကြောင်း၊ ဒါပေမယ့် လိုအပ်တဲ့အချိန်မှာ သုတ်ပိုးနဲ့ ထိတွေ့မျိုးပွားနိုင်ဖို့အတွက် မမျိုးဥတွေကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်ဖို့ အဆင့်တွေ အများကြီးလိုသေးကြောင်း အကြံပြုခဲ့ကြပါတယ်။

 

ဟိုမုန်းပညာရပ် အကြီးတန်းကထိက Ali Abbara က “စမ်းသပ်ချက် ကနဦး အချက်အလက်တွေအရ နောင်အနာဂတ်မှာ ဖြစ်နိုင်ချေရှိနေပါပြီ။ ဒါပေမယ့် ဒီအောင်မြင်မှုဟာ ကနဦး အဆင့်အောင်မြင်မှုပဲ ရှိပါသေးတယ်။ မျိုးဥတွေဟာ ကြီးထွားမှု ဖြစ်စဉ်အတွင်း သာမန်အတိုင်း ရှိမရှိ၊ မမျိုးဥတွေ မျိုးအောင်ပြီး သန္ဓေသားလောင်း အဆင့်ကနေ ကျန်းမာတဲ့ ကလေးတစ်ယောက်အထိ ဖြစ်နိုင် မဖြစ်နိုင်၊ ဒီစမ်းသပ်မှုက လုံခြုံစိတ်ချရရဲ့လား သေချာဖို့ စမ်းသပ်မှုတွေ အများကြီး လိုအပ်ပါသေးတယ်” လို့ ပြောကြားထားပါတယ်။

 

အဆိုပါ စမ်းသပ်ချက် အောင်မြင်မှုနဲ့ ဘေးကင်းမှုစံနှုန်း တိုးတက်လာပါက အနာဂတ်မှာ ကင်ဆာဝေဒနာရှင်များ ဓာတုဆေးဝါး ကုသမှုခံယူနေစဉ် ၎င်းတို့ရဲ့ သန္ဓေသားကြီးထွားမှု၊ မွေးဖွားမှု အဆင့်ဆင့်ကို မထိခိုက်စေဘဲ မူလအတိုင်း ကြီးထွားဖွံ့ဖြိုးလာစေဖို့  ထိန်းသိမ်းပေးထား နိုင်တော့မှာဖြစ်ပါတယ်။

 

ဘာသာပြန် > မိုးမမ

ကိုးကား > ရိုက်တာ