ဝါရှင်တန် ၂၂ ဧပြီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေဖြင့် မမြင်နိုင်သောရန်သူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန် ပြည်ဝင်ခွင့်နှင့်ပတ်သက်၍ တားဆီးသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သလို ဒေါသထွက်နေသော အမေရိကန် ပြည်သူများကလည်း အလုံပိတ်ထားရှိမှုကို အဆုံးသတ် ပေးရန် လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။
လေးလအတွင်း ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာကြီးကို ဦးစိုက်ကျွမ်းပြန် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ ထို့အတူ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် အိမ်တွင်း၌ စိတ်ကသိကအောက်ဖြင့်နေထိုင်နေရသလို သေဆုံးသူပေါင်းလည်း ၁၇၀၀၀၀ နီးပါးရှိလာပြီဖြစ်သည်။
ငြိမ်းချမ်းသည့်အချိန်က ဘယ်တော့မှ မမြင်ဖူးခဲ့သည့် စိုးရိမ်ဖွယ်အခြေအနေများသည် ကမ္ဘာ့စီးပွားရေးကို တဖြည်းဖြည်း လုံးပါးပါးလာစေသည်။ ထို့အတူ ရေနံဈေးနှုန်းများလည်း ဝယ်လိုအား မရှိတော့သည့်အတွက် ထိုးကျလာခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်များသည် ကန့်သတ်မှုများ အချိန်မှန် ဖြေလျှော့ပေးနိုင်မလားဆိုသည့်အပေါ် စိုးရိမ်မကင်း ဖြစ်လာကြသသလို ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းပြန်လည် ရိုက်ခတ်လာမည်ကိုလည်း ထိတ်လန့်နေကြသည်။ သို့သော်လည်း ၎င်းတို့၏ နိုင်ငံသားများ ပြန်လည်အလုပ်လုပ်ရန် လိုအပ်သလို ရှင်သန်ရန်လည်းလိုအပ်ကြောင်း သတိပြုမိကြသည်။
အမေရိကန်နိုင်ငံ တချို့ပြည်နယ်များတွင် အလုံပိတ်ကန့်သတ်မှုကို ဆန့်ကျင်နေကြသည့် ဆန္ဒပြသူများကို နှစ်သိမ့်အားပေးလိုက်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ဝင်ခွင့်များကို တားဆီးသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
“မမြင်ရတဲ့ ရန်သူကို တိုက်ခိုက်ဖို့နဲ့ ကြီးမြတ်တဲ့ အမေရိကန် ပြည်သူတွေရဲ့ အလုပ်အကိုင်တွေကို ကာကွယ်ပေးရမယ်။ ကျွန်ုပ်အနေနဲ့ အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်လာမယ့် လူဝင်မှုများကို ယာယီရပ်ဆိုင်းကြောင်း အမိန့်ကိုလည်း လက်မှတ်ရေးထိုးမယ်” လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က တွစ်တာမှာပြောကြားလိုက်သည်။
လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အမေရိကန်ပြည်သူ ၂၂ သန်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြောင်း သိရသည်။
အေအက်ဖ်ပီ