၁၈ မတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံအများအပြားက ၎င်းတို့ရဲ့ နယ်စပ်တွေကို ပိတ်ဆို့မှုတွေလုပ်ဆောင်လာနေသလို ဥရောပရဲ့ လွတ်လပ်စွာ ဖြတ်ကျော်သွားလာခွင့်ဇုန်ဖြစ်တဲ့ Schengen ဇုန်တစ်လျှောက် မလိုလားအပ်တဲ့ ခရီးသွားလာမှုတွေမှန်သမျှကို ပိတ်ပင်တားဆီးဖို့ ဥရောပကော်မရှင်က စီစဉ်လျက်ရှိပါတယ်။
ခရီးသွားလာမှုနည်းလေလေ ဗိုင်းရပ်စ်ကိုပိုထိန်းချုပ်နိုင်လေလေ
ဒီကိစ္စအတွက် အစီအမံတွေချပြီး မြန်မြန်ဆန်ဆန်အကောင်အထည် ဖော်ကြဖို့ ခေါင်းဆောင်တွေကို တိုက်တွန်းသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာ ဗွန်ဒါလီယန်က မတ် ၁၇ရက်မှာ ပြောကြားခဲ့ပါတယ်။ ခရီးသွား လာမှုနည်းနိုင်သမျှနည်းလေလေ ဗိုင်းရပ်စ်ကို ပိုပြီးထိန်းချုပ်နိုင်လေလေဖြစ် တယ်လို့ ၎င်းက ဆိုပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ ဥရောပသမဂ္ဂရဲ့ ပြင်ပနယ်စပ်နေရာတွေကို ခရီးသွားတွေမဝင်ရောက်နိုင်ဖို့ ပိတ်ထားရမှာဖြစ်တယ်လို့ အစောပိုင်းကတည်းက ပြောခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ဥရောပမဟုတ်တဲ့ နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေအကြား ခရီးစဉ်မှန်သမျှကိုပါ ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ သမ္မတ မက်ခရွန်က မတ် ၁၆ ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကပ်ရောဂါထိန်းချုပ်ရေးဆောင်ရွက်မှု
ရေရှည်နေထိုင်တဲ့ ဒေသခံပြည်သူတွေ၊ ဥရောပနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေနဲ့ သံအမတ်ကြီးတွေအပြင် နယ်စပ်ဖြတ်ကျော်တဲ့ ကျန်းမာရေးစောင့်ရှောက်ရေး ဝန်ထမ်းတွေနဲ့ ကုန်စည်သယ်ပို့သူတွေကိုတော့ ခြွင်းချက်ထားပြီး ခွင့်ပြုပေးမှာဖြစ်တယ်လို့မစ္စ ဗွန်ဒါလီယန်က ဗီဒီယိုကွန်ဖရင့်ဆွေးနွေးမှုအတွင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဖော်ပြပါဆောင်ရွက်ချက်ဟာ ရက်ပေါင်း ၃၀ ထက်မနည်းကြာအောင် အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Schengen သဘောတူစာချုပ်အရ ဥရောပနိုင်ငံတွေ အချင်းချင်းကြားမှာ နယ်စပ်စစ်ဆေးမှုတွေမရှိဘဲ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ပြုထားပါတယ်။ ဗြိတိန်အပါအဝင် Schengen သဘောတူညီမှုပြုလုပ်ထားတဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မပါဝင်တဲ့ နိုင်ငံသားတွေကိုလည်း ခရီးသွားလာခွင့်ပိတ်ပင်မှုပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဂျာမနီရဲ့ ဆောင်ရွက်ချက်
ဥရောပကောင်စီအကြီးအကဲ ချားလ်စ် မစ်ချယ် ဦးဆောင်ကျင်းပခဲ့တဲ့ မတ် ၁၇ ရက် ဗီဒီယို ထိပ်သီးဆွေးနွေးမှုအတွင်းမှာ ဒီလိုမှတ်ချက်တွေပေါ် ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ဂျာမနီဟာဆိုရင်လည်း တင်းကျပ်ခိုင်မာတဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က နိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေကို တားမြစ်ထားပြီး ပြည်တွင်းနဲ့ ပြည်ပအားလပ်ရက် ခရီးစဉ်သွားရောက်မယ့် ကိစ္စမှန်သမျှကို ပယ်ဖျက်လိုက်ဖို့ ပြည်သူတွေကို အသိပေးတိုက်တွန်းထားပါတယ်။ ကုန်စုံဆိုင်တွေနဲ့ ပွဲလမ်းသဘင်အခမ်း အနားကျင်းပတဲ့ နေရာတွေအားလုံးကိုလည်း ပိတ်ထားဖို့ အမိန့်ထုတ်ထား ပြီးဖြစ်သလို နိုင်ငံတစ်ဝန်းက ကျောင်းတွေကိုလည်း ပိတ်ထားပြီးပြီဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဆောင်ရွက်ချက်
ပြင်သစ်နိုင်ငံမှာဆိုရင် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေကြဖို့နဲ့ မဖြစ်မနေ တာဝန်ဆောင်ရွက်ဖို့ရှိမှသာ အပြင်ထွက်ကြဖို့ အမိန့် ထုတ်ထားပါတယ်။ ကျောင်းတွေ၊ ကဖေးဆိုင်တွေ၊ သိပ်အရေးမကြီးတဲ့ ဈေးဆိုင်တွေကို ပိတ်ထားခဲ့တာတွေအပါအဝင် ကနဦးကြိုတင်လုပ်ဆောင် ထားတဲ့ အစီအမံတွေတောင် ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရာမှာ လုံလောက်မှု မရှိသေးဘူးဆိုတာကို တွေ့နေရတယ်လို့ ၎င်းကသတိပေးထားပါတယ်။
ဆေးပညာရှင်တွေက လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး အန္တရာယ်ကို သတိပေးထားပါလျက်နဲ့တောင် ပန်းခြံတွေမှာ လူတွေအတူတကွ စုဝေးနေတာကို တွေ့နေရတုန်းပဲ။ လူထူထပ်တဲ့ ဈေးတွေ၊ စားသောက်ဆိုင်တွေ နဲ့ဘာဆိုင်တွေဟာ ပိတ်ထားဖို့ ပေးထားတဲ့အမိန့်ကို လေးစား လိုက်နာမှုမရှိတာကို တွေ့နေရတယ်လို့ မိနစ် ၂၀ စာ ရုပ်သံမိန့်ခွန်းထုတ်လွှင့်မှုမှာ ၎င်းက ပြောကြားခဲ့တာပါ။
မလိုက်နာသူတွေကို အပြစ်ပေးမည်
ကျွန်ုပ်တို့ဟာ စစ်ပွဲတစ်ခုအတွင်း ကျရောက်နေတယ်။ ကျွန်ုပ်တို့ ရင်ဆိုင်နေ ရတဲ့အရာက တခြားစစ်တပ်တစ်ခုနဲ့ တိုက်ခိုက်နေရတာမဟုတ်သလို ကိုယ့်နိုင်ငံနဲ့ တိုက်နေရတာလည်းမဟုတ်ဘူး။ ဒါပေမယ့်တကယ့်ရန်သူဟာ ဒီနေရာ မှာ အမှန်တကယ်ရှိနေတယ်။ အဲဒီရန်သူဟာ မျက်စိနဲ့လည်းမမြင်နိုင်ဘူး။ ကိုင်တွယ်ထိတွေ့လို့လည်းမရဘူး။ အဲဒီအပြင် ပိုပြီးတော့လည်း အရှိန်မြင့်လာ နေတယ်လို့ သမ္မတကပြည်သူတွေကို နိုးနိုးကြားကြားဖြစ်စေဖို့ တိုက်တွန်းလျက် ရှိပါတယ်။
ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ကိုတားဆီးကာကွယ်ဖို့ ချမှတ်လိုက်တဲ့ စည်းကမ်း တင်းကျပ်မှုတွေဟာ ၁၅ရက်ထက်မနည်း အသက်ဝင်နေမှာဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ တားမြစ်ချက်စည်းကမ်းတွေ မလိုက်နာတဲ့သူကို အပြစ်ပေးဖို့ အထိလည်း အလေးပေးနေပါတယ်။ အစိုးရအနေနဲ့လည်း နိုင်ငံတစ်ဝန်း မြို့တွင်း မြို့ပြင် အဝင်အထွက်ပိတ်ဆို့မှု လုပ်ဆောင်ဖို့အတွက် အရာရှိတစ်သိန်းကျော်အထိ ချထားဖို့ စီစဉ်နေပါတယ်။
ဘယ်ကုမ္ပဏီမှ စီးပွားမပျက်စေရ
သမ္မတ မက်ခရွန် ပြောကြားခဲ့တဲ့နောက်တစ်ချက်ကတော့ ဖျားနာသူတွေကို ဆေးရုံပို့ပေးနိုင်ရေး အကူအညီပေးဖို့အတွက် တပ်ဖွဲ့ဝင်တွေကို အသုံးပြုသွားမှာဖြစ်ပြီး ယခုရက်သတ္တပတ်မှာ ပြုလုပ်ဖို့ရှိတဲ့ ဒုတိယအကျော့ ဒေသရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းထားပြီဆိုတာပါပဲ။ ပြီးတော့လည်းသမ္မတ မက်ခရွန်က စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း အားတက်စေမယ့်စကားတွေနဲ့ ဖေးမခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဘယ်ကုမ္ပဏီမဆို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စီးပွားပျက် ပြီး ပြိုလဲသွားတာမျိုး ဖြစ်မှာမဟုတ်ပါဘူးလို့ ၎င်းက စီးပွားရေးလုပ်ငန်းတွေရဲ့ သံသယကို ချွေးသိပ်ဖြေဖျောက်ပေးခဲ့ပါတယ်။
မတ် ၁၆ ရက်မှာ ပြင်သစ်နိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှု အဖွဲ့အကြီး အက်ဂျီရွမ်း ဆာလိုမွန်က ရောဂါကူးစက်မှုဟာ အတော်လေးစိုးရိမ်စရာကောင်းနေပြီး အခြေအနေတွေကို မြန်မြန်ဆန်ဆန် ယိုယွင်းလာစေလျက်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူဟာ ၆၀၀၀ ကျော်ရှိလာ ခဲ့ပြီး သေဆုံးသူ ၁၄၈ ဦးအထိ ရှိလာပါတယ်။ နိုင်ငံရဲ့ နယ်စပ်တွေကိုလည်း မတ် ၁၇ ရက် နံနက် ၁၁ နာရီအချိန်ကစပြီး ပိတ်ထားမယ်လို့ သမ္မတ မက်ခရွန်က ကြေညာထားပါတယ်။
ဂျာမနီနိုင်ငံမှာဆိုရင်လည်း လက်ရှိမှာ ရောဂါကူးစက်ခံထားရသူ ၇၀၀၀ နီးပါးဖြစ်လာသလို သေဆုံးသူဟာ ၁၄ ဦးရှိပါပြီ။ လူစုလူဝေးနဲ့နေတာကိုတော့ နိုင်ငံတစ်ဝန်းတားမြစ်ထားပြီးပါပြီ။ ပြင်သစ်နဲ့ထိစပ်နေတဲ့ ဂျာမနီနယ်စပ် ဖြတ်ကျော်မှုတွေကိုတော့ ကန့်သတ်မှုတွေစလုပ်နေပါတယ်။ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်တွေကိုတော့ ယခုချိန်ထိ ပိတ်ဆို့မှု လုပ်တာမတွေ့ရသေးပါဘူး။
ရောင်းရန်မဟုတ်
ဂျာမန်ဓာတ်ခွဲခန်းမှာ စမ်းသပ်တီထွင်နိုင်ဖို့ကြိုးပမ်းနေတဲ့ ဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ထုတ်လုပ်ခွင့်ကို သမ္မတထရမ့်က ဝယ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟီကို မာအက်စ်က ဂျာမနီဟာ ကိုယ့်နိုင်ငံက ထွက်ပေါ်လာမယ့် မူပိုင်ရလဒ်တစ်ခုကို တခြားသူတွေလက်ထဲဘယ်တော့မှ အရောက်ခံမှာမဟုတ်ဘူးလို့ တုံ့ပြန်ထားတာကို တွေ့ရပါတယ်။
စပိန်နိုင်ငံဟာလည်းပဲ နယ်စပ်ထိန်းချုပ်ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်နေပြီးဖြစ်ပြီး စပိန်အစိုးရဟာ ပြီးခဲ့တဲ့ စနေနေ့ကပဲ နိုင်ငံတစ်ဝန်း အဝင်အထွက်ပိတ်ဆို့မှုကို ၁၅ ရက်ကြာ အရေးပေါ်ဆောင်ရွက်မှုအနေနဲ့ ချမှတ်ထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ ကူးစက်မှုအဆိုးဆုံးဖြစ်တဲ့ အီတလီမှာဆိုရင် သေဆုံးသူဟာ ၂၁၅၀ ရှိခဲ့ပါပြီ။ အစိုးရကတော့ အရေးပေါ် လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်နေရဆဲပါပဲ။ မမြင်နိုင်တဲ့ရန်သူနဲ့ ရင်ဆိုင် တိုက်ခိုက်နေရတဲ့ ဥရောပရဲ့ တိုက်ပွဲအောင်မြင်မှုရပါစေလို့ ဆန္ဒပြုနေမိ ပါတယ်။
ကိုးကား- အေအက်ဖ်ပီ ဘီဘီစီ
ကလျာမိုးမြင့်