မမှန်သတင်းရှောင်ရှား တိုင်းပြည်အလေးထား

လက်ရှိကာလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ပြီး ဥပဒေပါကနဦး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုဖြစ်အောင်၊ အခြေအနေပျက်၊ အလုပ်အကိုင်ပျက်ဖြစ်အောင် သတင်းတု၊ သတင်းမှားများ၊ အခြေအမြစ်မရှိသော  သတင်းစကားများ၊    အဖျက်အမှောင့်ပြုလုပ်သူများ၏ သွေးထိုးလှုံ့ဆော်မှုများကို ကြားသိနေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေအမိန့် ထုတ်ပြန်လိုက်သည့် အချိန်မှစ၍ အတွေးမှား၊ အမြင်မှား၊ အသိမှား စိုးရိမ်ပူပန်လုပ်မှားကိုင်မှားဖြစ်အောင် မမှန်သတင်းစကားနှင့် သွေးထိုး လှုံ့ဆော်မှုများ ချက်ချင်းပျံ့နှံ့လာခဲ့သည်။ ဥပဒေပါသတ်မှတ်ချက်နှင့် အကျုံးဝင်သည့် လူငယ်များနှင့်ပတ်သက်၍ ထိုရက်ပိုင်းအတွင်း၌ပင် မမှန်သတင်းများကို နားယောင်ပြီး မိမိတို့အကျိုးစီးပွား အပျက်ခံ၍ ရှောင်တိမ်းမှုပြုလုပ်သူအချို့ပင် ရှိခဲ့သည်ဟုသိရသည်။

ယခုရက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ကွက်တစ်ခုလျှင် လူငယ်လေးဦးမှ ၅၀ အထိ နာမည်နှင့်တကွ ဆင့်ခေါ်စာများဖြန့်ဝေနေကြောင်း၊ တချို့ရပ်ကွက်များဆိုလျှင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး တပ်မတော်က ခေါ်ဆောင်သွားကြောင်း၊ ရခိုင်ပြည်နယ်တွင် ဘာသာခြားများအား တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းပြီး ရှေ့တန်းသို့ ပို့နေကြောင်း၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်မှုထမ်းမည့်လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လ ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံနေကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းများ လွှင့်ထုတ်သောကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ကြရသည်။

အမှန်တကယ်တွင် စစ်မှုထမ်းဥပဒေသည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံများတွင်ပါ အထူးအဆန်း ဥပဒေမဟုတ်ပေ။ နိုင်ငံတိုင်းနိုင်ငံတိုင်းနီးပါးသည် မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီး ပြင်ဆင်ဆောင်ရွက်ထားကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စစ်မှုထမ်းဥပဒေအရ သတ်မှတ်ထားသည့် နိုင်ငံသားများ စစ်မှုထမ်းကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အဆိုပါဥပဒေကို ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့သည်။ ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှု ထမ်းဥပဒေအာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အစောပိုင်းကတည်းက ပြဋ္ဌာန်းခဲ့သော်လည်း လက်တွေ့ အကောင်အထည် မဖော်ဖြစ်ခဲ့သေးပေ။ ယခု ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း အသိပေး ထုတ်ပြန်လိုက်သောအခါ ပြည်သူများကြား စိုးရိမ်စိတ်များဖြစ်ပေါ်လာမှုကို အခွင့်ကောင်းယူအသုံးချလိုသည့် အကြမ်းဖက်အုပ်စုများက မီဒီယာများကိုအသုံးချပြီး ပြည်သူများ စိုးရိမ်ပူပန်မှု မြင့်မားအောင်၊ လမ်းမှားပေါ်သို့ ရောက်ရှိအောင်၊ စိုးရိမ်စိတ်များ ပိုမိုမြင့်မားလာအောင် ပြုလုပ်နေကြသည်။ အမျိုးသားစစ်မှုထမ်းစနစ်သည် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အချိန်ယူဆောင်ရွက်မည့် နှစ်ရှည်စီမံကိန်း ဖြစ်သည်။

နိုင်ငံတော်၏ စီးပွားရေးစွမ်းအား၊ ကာကွယ်ရေးစွမ်းအားများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်။ တိုင်းပြည် အတွင်းရှိ နိုင်ငံ့စွမ်းအားစုအားလုံး တစုတစည်းတည်း အားလုံးပါဝင်ဆောင်ရွက် နိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ် (National Service) ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များ၊ အကျုံးဝင်သည့်အချက်များ၊ ကင်းလွတ်ခွင့် ပြုနိုင်သည့်အချက်များ၊ စစ်မှုထမ်းဆောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ စသည့်အချက်များ ကျယ်ကျယ်ပြန့်ပြန့် ပါရှိသည်။ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေပါ အချက်အလက်များကို သေချာစွာ လေ့လာမှုအားနည်းပြီး သွေးထိုးလှုံ့ဆော်မှုများနှင့် မမှန်သတင်းစကားများကို နားယောင်မိသောကြောင့် စိုးရိမ်ပူပန်စရာများဖြစ်လာရသည်။ ထို့ကြောင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်/ ကျေးရွာများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ပြည်သူများနှင့်တွေ့ဆုံ၍ ဗဟုသုတများ မျှဝေ ပေးလျက်ရှိသည်။

သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် အထောက်အပံ့တစ်ခုဖြစ်သလို တစုတစည်းတည်းသော အမျိုးသားစွမ်းပကားများကို စုစည်းခြင်းဖြစ်သည့် ရေရှည်အစီအမံဖြစ်သဖြင့် ပြည်သူများစိုးရိမ်ပူပန်မှုဖြစ်အောင် လှုံ့ဆော်နေသော မမှန်သတင်းစကားများကို နားမယောင်ဘဲ ဥပဒေကို သေချာစွာလေ့လာပြီး ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကြေးမုံ