မြန်အောင် မေ ၁၅ 

 

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ အရှိန်ကြောင့် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့သော်လည်း ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံများဖြစ်သော မမြ၊ ကွန်ချောင်း၊ နန်ကသူနှင့် ကညင်ဆည် ရေလှောင်တမံများ ယနေ့နံနက် ၆ နာရီထိ ကန်ရေပြည့်မှတ်သို့ မရောက်ရှိကြောင်း သိရသည်။

 

မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ရှိ မမြဆည်ရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ (၃၁၅)ပေဖြစ်ပြီး လက်ရှိကန်ရေမှတ်မှာ (၂၇၃ ဒသမ ၈၀)ပေရှိကြောင်း၊ အင်္ဂပူမြို့နယ်ရှိ နန်ကသူ ဆည်ရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ (၂၆၀)ပေဖြစ်ပြီး လက်ရှိကန်ရေမှတ်မှာ (၁၈၄ ဒသမ ၇၀)ပေရှိကြောင်း၊ ကညင်ဆည်ရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ (၂၈၈)ပေဖြစ်ပြီး လက်ရှိကန်ရေမှတ်မှာ (၂၄၁ ဒသမ ၄၀)ပေရှိကြောင်း၊ ကြံခင်းမြို့နယ်ရှိ ကွန်ချောင်းဆည်ရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ (၂၇၇)ပေဖြစ်ပြီး လက်ရှိကန်ရေမှတ်မှာ (၂၄၈ ဒသမ ၂၀)ပေရှိကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့သော်လည်း ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနည်းပါးခဲ့ပြီး ယခုအခါ ဆည်ရေလှာင်တမံများ ကြံခိုင်ရေးကောင်းမွန်လျက်ရှိကာ ဆည်များမှ နွေစပါးစိုက်ပျိုးရန်အတွက် ရေပေးဝေလျက်ရှိကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှ သိရှိရသည်။ 

 

ဝင်းဗိုလ်(မြန်အောင်)