မြန်အောင်၊ ၃ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအား ဇွန် ၃ ရက် နံနက်က မြို့နယ်လုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်လုပ်ငန်းအရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ဦးဆောင်အဖွဲ့အား ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်းရှိ လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းလုပ်ငန်း Geotextile ကပ်နံရံနှင့် ရေထဲပိုင်း Geo-Bag ချခြင်း အလျား(၃၂၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းကို မြတ်ဘုန်းယံကုမ္ပဏီက ကျပ် (၁၉၃ ဒသမ ၂၀) သန်းဖြင့် တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ်အတွင်း ဆုဖြိုးရဲကုမ္ပဏီက ဆောင်ရွက်လျက်ရှိသော မြန်အောင် မကျီးစုတာ မြစ်ကမ်းထိန်းလုပ်ငန်းမှာ (၅၀) ရာခိုင်နှုန်းနှင့် မြန်အောင်မြို့နယ် ရွှေကျင်ဘုရားလှကျေးရွာ မြစ်ကမ်းထိန်းလုပ်ငန်းမှာ (၂၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံမှ သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)


