မြန်အောင် နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပြင်းထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း (Trauma First Aid Training) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်တော်အေးဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဟင်္သာတခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့စီစဉ်မှုဖြင့် မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ ရှေးဦးသူနာပြုစုခြင်း အခြေခံအဆင့်၊ သာမာန်အဆင့် သင်တန်းတက်ရောက်ပြီးသူ စေတနာလုပ်အားရှင် (၂၀) တို့အား ပြင်းထန်ဒဏ်ရာရှေးဦးပြုစုခြင်း (Trauma First Aid Training) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းကာလ (၂) ရက်အတွင်း ဟင်္သာတမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးနှင့် နည်းပြများက စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမိုးမြင့်ခိုင် ထံမှသိရသည်။
ပြင်းထန်ဒဏ်ရာရှေးဦးပြုစုခြင်း (Trauma First Aid Training) ဆင့်ပွားသင်တန်းတွင် လူအများ ထိခိုက်ဒဏ်ရာရရှိချိန်တွင် စီမံခန့်ခွဲခြင်း၊ ဦးစားပေးလူနာရွေး ချယ်ခြင်း၊ထိခိုက်ဒဏ်ရာရရှိသူများကို ပြုစုစောင့်ရှောက်ခြင်း၊ မျက်ရည်ယိုဓာတ်ငွေ့ ထိခိုက်မိသူအားပြုစုခြင်း၊ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်း၊ အရေးပေါ်အခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိသည့်လူနာကို ပြုစုစောင့်ရှောက်ခြင်းကွင်းဆက်၊ ရှေးဦးပြုစုမှုပေးသောစခန်း၊ ရှေးဦးပြုစုသူ၏ အခန်းကဏ္ဍနှင့်တာဝန်ဝတ္တရား၊ ရှေးဦးပြုစုခြင်းစခန်းနှင့် ရှေးဦးပြုစုခြင်းအဖွဲ့အတွက် ဆောင်ရွက်ရမည့် အချက်အလက်စာရင်းများ စသည့်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)


