မြန်အောင် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ထန်းသုံးပင်ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ စနစ်ကျဧက ၁၀၀ ကွင်းရှိ တောင်သူဦးစိုး၏ လယ်မြေသုံးဧက၌ ကျင်းပသည်။
ဦးစွာ KUBOTA ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မြန်အောင်မြို့နယ်တွင် ဧက ၆၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက် နှုန်းကောင်းခြင်းနှင့် ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးဝေထွန်းက လက်တွေ့ပြုလုပ် ရှင်းလင်း ပြောကြားပြီး ကောက်စိုက်စက်ဖြင့် လက်တွေ့မောင်းနှင်စိုက်ပျိုးသရုပ်ပြခဲ့ကြသည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် သရုပ်ပြပွဲသို့ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝေလင်းနှင့် အဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)


