မြန်အောင် ၁၉ ဇူလိုင်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာဘာသာဖြင့် ထုတ်ဝေသည့် စာအုပ်များအား မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက နံနက် ၉ နာရီတွင် မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာ ကျောင်းသားကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အမှတ်တရစာအုပ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း၏ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး၌ နောက်ဆုံးပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန် လေးချိုးကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ "အာဇာနည်နေ့ အမှတ်တရစကား" ဆောင်းပါး၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ ဆုတောင်းစကား၊ အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက် ရေဒီယိုမှထုတ်လွှင့်သည့် သခင်နု၏ မိန့်ခွန်းကောက်နုတ်ချက်၊ ဆရာဇော်ဂျီ၏ "ပြောလိုက်ပါဘိ ဟောပါဘိ" ကဗျာ၊ ဆရာတင်မိုး၏ "အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့" ကဗျာ၊ ဆရာဒဂုန်တာရာ၏ "ဘဝပုံသဏ္ဌာန်နှင့် ပထမအရွယ်" ဆောင်းပါး၊ ဆရာမင်းသုဝဏ်၏" ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့် ပစ္စုပ္ပန်)" ကဗျာ စသည်ဖြင့် အာဇာနည်နေ့ဆိုင်ရာ သိမှတ်စရာများ စုံလင်စွာဖော်ပြပါရှိသည်။
မြန်အောင်မြို့နယ် (ပြန်/ဆက်)


