မြန်အောင် ၃ အောက်တိုဘာ
မြန်အောင်မြို့နယ် ကလေးစာပေပွဲတော်နှင့်စာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောဌာနဆိုင်ရာအကြီးအကဲများ၏ အကြိုညှိနှိုင်း ဆွေးနွေးပွဲ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အစည်းအဝေး၌ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ဆက် ဦးစီးမှူးက ပွဲတော်ကျင်းပရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ပျော်ရွင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ ပညာဗဟုသုတနှင့် လူရည်လူသွေး ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုလာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပါဝင်ဆင်နွှဲနိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင်မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်းဝင်းအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ကလေးစာပေပွဲတော်များကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီး ဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျင်းပသွားမည် ဖြစ်သည်။ ကျောင်းသား ကျောင်းသူလေးများ၏ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာပေစောပြောပွဲနှင့် ဆွေးနွေးပွဲများ၊ ကြည့်ရှုလေ့လာစရာ သိပ္ပံနှင့်နည်းပညာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ပျော်ရွှင်ဖွယ်ဂိမ်းကစားပွဲများ၊ အားကစားပြိုင်ပွဲများဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ကျောင်းပြင်ပ ပညာရေး ကျောင်းများ အပါအဝင် မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ထွန်းဇော်ထွန်း(မြန်မာစာ)


