မြန်အောင် ၁ စက်တင်ဘာ


မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(မြန်အောင်)၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ Youth Club နှင့် လဝန်းရောင်ခြည် လူငယ်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာအုပ်စု၊ ထန်းသုံးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီက အသိပညာဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက် လေ့ကျင့်မှုများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အခမ်းအနားတွင်  မြို့နယ်ပြန်ဆက်ဦးစီးမှူး ဦးဇော်မင်းထွန်းက မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးထိခိုက်ဆုံးရှုံးနိုင်ပုံများ၊ ကြိုတင်ကာကွယ်ရန်နှင့် သတိပြုလိုက်နာဆောင်ရွက်ရန် နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးမြင့်အောင်က ကျောင်းမုန့်ဈေးဆိုင်များတွင်ရောင်းချနေမှုများအား စစ်ဆေးပညာပေးခြင်းနှင့်  အစားအသောက်များမှ ဘေးအန္တရယ်မဖြစ်စေရေးအတွက် သွားရေစာနှင့် စားသောက်ကုန်များတွင် အသုံးပြုထားသည့်အရောင်ဆိုး ဓာတုဆေးဝါးများ၏ အန္တရာယ်အကြောင်းကို လည်းကောင်း ပညာပေးဟောပြောသည်။


ဆက်လက်၍ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်အောင်)မှ ဦးငြိမ်းချမ်းညွန့်က ရင်ခွင်မဲ့ကလေးငယ်များ လျော့ချနိုင်ရေး၊ ကာကွယ်စောင့်ရှောက်ပေးရေး၊ ကလေးငယ်များအား လိင်အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှုမှ ကာကွယ်နိုင်စေရန် အသိပညာများကိုလည်းကောင်း၊ လဝန်းရောင်ခြည်ပရဟိတလူငယ်အဖွဲ့မှ ဦးပြည့်ဖြိုးဇော်နှင့်အဖွဲ့ဝင်များက လက်ဆေးခြင်းနှင့်ကျန်းမာရေး၊ ပလပ်စတစ်အမှိုက်ကင်းစင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊စနစ်တကျအမှိုက်စွန့်ပစ်ရေး သရုပ်ပြ ဆွေးနွေးခြင်းများကို သရုပ်ပြလှုပ်ရှားမှုများဖြင့် ပညာပေးဆောင်ရွက်သည်။


ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူက အချိန်မရွေးကျရောက်နိုင်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုခြင်းအကြောင်း ဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းသားကျောင်းသူများအား တပ်ဖွဲ့ဝင်များနှင့်အတူ ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ဦးမြင့်ဇော်နှင့် တပ်ဖွဲ့ဝင်များက ဒဏ်ရာရလူနာများအား ရှေးဦးပြုစုမှု ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုကို တပ်ဖွဲ့ဝင်များနှင့်စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်အောင်)မှ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထွန်းဇော်ထွန်း(မြန်မာစာ)