နေပြည်တော် ၂၆ ဇွန်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၂၅ ရက် ညနေ ၆ နာရီက မံစီမြို့နယ်၊ မံသာကျေးရွာအုပ်စု၊ မံသာကျေးရွာအနီး၊ မံသာ-သံတံတားကျေးရွာသွား ကားလမ်းတွင် ဘရန်နူးအောင် မောင်းနှင်ပြီး မမွန်းဆန့်ဂျာ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၃၅ ပြား၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေကျပ် ၄၅၂,၀၀၀ တို့ကိုလည်းကောင်း၊
အလားတူ ဇွန်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက မတ္တရာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ လက်ကောင်းကြီးကျေးရွာအုပ်စု၊ ကံဖြူကျေးရွာအနီး၊ မန္တလေး-မိုးကုတ်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၀/၀)နှင့် (၂၀/၁)ကြားတွင် PAJERO MITSUBISHI အမျိုးအစား မော်တော်ယာဉ်သည် မော်တော်ဆိုင်ကယ်တစ်စီးအား တိုက်မိကာ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးစဉ် ၎င်းမော်တော်ယာဉ်အား မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာအုပ်စု၊ မကွေ့တစ်ရာကျေးရွာ အနီး၌ ယာဉ်မောင်းကိုတွေ့ရှိခြင်း မရှိဘဲ ရပ်တန့်ထားသည်ကိုတွေ့ရှိ၍ စစ်ဆေးရာ တန်ဖိုးငွေကျပ် သိန်း ၈၈၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၈ ကီလိုသိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ယာဉ်မောင်းဖြစ်သူ မောင်လဆိုင်း အား ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ ဉက္ကံကျေးရွာအနီး၊ မန္တလေး-မိုးကုတ်သွား ကားလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ယင်းနေ့ ညနေပိုင်းတွင် နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ပက္ကော်ဒုံလီမန်းကျေးရွာနေ ခွန်အောင်ဌေး၏ နေအိမ်ကိုရှာဖွေရာ ဘိန်းစိမ်း ၉ ဒသမ ၄၅ ကီလိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)