ဗန်းမောက်၊ ၂၉ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံစီကြီးကျေးရွာအုပ်စုတွင် စမ်းသော်သာ အခွန်လွတ်စျေး ဖွင့်လှစ်ပွဲကို ဒီဇင်ဘာ  ၂၉ ရက်က  ပြုလုပ်သည်။ 

အခမ်းအနားတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးမင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျေးရွာအခွန်လွတ်စျေး ဖွင့်လှစ်ရောင်းချရာတွင် စျေးအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်ထားရှိရမည့် စည်းကမ်းချက်များ၊ ကျေးရွာအုပ်စုအတွင်းရှိ စျေးသည်များနှင့် ရွှေမှော်အတွင်းရှိ စျေးသည်များအား စုစည်းရောင်းချနိုင်ရေး၊ အသားတန်း၊ ငါးတန်းများ၊ စားသောက်ကုန်တန်းများ၊ ပရိဘောဂဆိုင်များ သီးသန့်ခွဲခြားကာ ရောင်းချနိုင်ရေး တို့ကို ပြောကြားသည်။

ထို့နောက် အခွန်လွတ်စျေး ဆိုင်ခန်းများအား မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်၊ မံစီကြီးကျေးရွာအုပ်စုတွင် အခွန်လွတ်စျေးဆိုင်ခန်းများကို ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်းများနှင့် ဓာတ်သတ္တုတူးဖော်းရေးကုမ္ပဏီများက မတည်ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများက လုပ်အားဒါန ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်းနှင့် အခွန်လွတ်စျေးဆိုင်ခန်းပေါင်း ၄၄ ခန်းရှိကြောင်း မံစီကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။ 

ကျော်စွာ(ဗန်းမောက်)