မံစီ ၁၁ ဇန်နဝါရီ
ကချင်ပြည်နယ် မံစီမြို့နယ် ဟန်ထက်-မန်ရ ကားလမ်းပေါ်၌ ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီက ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ဝ၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ ရဲအုပ်ခါးလီ ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ မံစီမြို့နယ် ဟန်ထက်-မန်ရ ကားလမ်း၌ စောင့်ဆိုင်းနေစဉ် မန်ရကျေးရွာဘက်မှ မံစီမြို့ မောရဝတီရပ်ကွက်နေ မသင်းသင်းခိုင်(၃၇)နှစ်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၉၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးအား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါမူးယစ်ဆေးဝါးများမှာ တစ်ရပ်ကွက်တည်းနေ မခင်မာလွင်(ခ)မာလွင်(၃၀)နှစ်မှ အခကြေးငွေဖြင့်သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ မခင်မာလွင်(ခ)မာလွင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး များနှင့်အတူ တွေ့ရှိရသူ မသင်းသင်းခိုင်နှင့် မူးယစ်ဆေးဝါး နှင့်ဆက်စပ်နေသူ မခင်မာလွင်(ခ)မာလွင်တို့နှစ်ဦးအား မံစီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)