မံစီ ၂၉ မေ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အောက်ချောင်းဒေသ(ဒေသအခေါ်)အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် မန်သာကျေးရွာ၌ ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ (33/11KV(5)MVA) ဓါတ်အားခွဲရုံနှင့် ခွဲရုံအတွင်းတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ နေထိုင်ရန်အတွက် (၄) ခန်းတွဲနှင့် (၂)ခန်းတွဲ အိမ်ယာနှစ်လုံး တည်ဆောက်လျက်ရှိနေသည်။
ဝန်ထမ်းအိမ်ယာကို ဇန်နဝါရီလ ၂၉ ရက်နေ့ကပန္နက်ရိုက်တင်ကာလုပ်ငန်းစတင်ခဲ့ပြီး (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရငွေ လုံးငွေရင်းရန်ပုံငွေဖြင့် (၄)ခန်းတွဲအတွက်ငွေကျပ်(၉၁.၅၀)သန်း၊ (၂)ခန်းတွဲ အတွက်ငွေကျပ်(၅၉)သန်း တို့ဖြင့်လည်းကောင်း၊ ခွဲရုံကို ဧပြီလ ၂၃ ရက်နေ့က ပန္နက်တင်ကာ လုပ်ငန်းစတင်ခဲ့ပြီး ပြည်ထောင်စုအစိုးရ ငွေလုံးငွေရင်းရန်ပုံငွေ(၁၅၃.၅၂)သန်းဖြင့်လည်းကောင်း တည်ဆောက်လျက် ရှိနေကြောင်း၊ ဓါတ်အားများဖြန့်ဖြူးရေး အတွက်လည်း ပြည်နယ်အစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေ စုစုပေါင်း(၁၀၉၆.၅၅)သန်းဖြင့် ကျေးရွာများတွင် ဓာတ်အားလိုင်းများ တည်ဆောက်လျက်ရှိနေကြောင်း သိရသည်။
ဗန်းမော်မြို့နယ်၊ စင်းခန်းမှ ၃၃ လိုင်း ၁၆.၅ မိုင် ဓာတ်အားလိုင်း တည်ဆောက်သွားမည်ဖြစ်ပြီး ခွဲရုံမှ ဓာတ်အားလိုင်းများကို(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း မံသာ၊ မံရ၊ ကံကြီး၊ တုံပလွေ၊ နောင်ဟူး၊ သံတံတား၊ မက်လင်၊ စီကော်၊ စီခမ်းကြီးစသည့်ကျေး(၉)ရွာကိုစတင်ဖြန့်ဖြူးကာ လာမည့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကျေးရွာ(၁၃)ရွာကိုဆက်လက်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်သူများကို လျှပ်စစ်မီးများ ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တစ်ထောင့် တစ်နေရာမှ တာဝန်ထမ်းဆောင်နေသည့် လျှပ်စစ်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရသည့်အတွက် ဝမ်းသာမိကြောင်း မြို့နယ်လျှပ်ဉီးစီးဌာနမှူး ဉီးဝင်းကိုဉီးက ပြောကြားခဲ့သည်။
လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေကို မေ ၂၈ ရက်နေ့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဉီးမင်းမင်းနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ခေါင် ဉီးဆောင်သည့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းအရည်အသွေး စစ်ဆေးရေး ကော်မတီက သွားရောက်စစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ အရည်အသွေးပြည့်ဝစွာဖြင့် အချိန်မှီပြီးဆီးရေးအတွက် လိုအပ်သည်များကို လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများအားမှာကြားခဲ့ကြသည်။ ဒေသခံများ၏ လိုအပ်ချက်များကို မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ယခုကဲ့သို့ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်သည်များကို ဆောင်ရွက်တင်ပြတောင်းခံခဲ့ကြကြောင်း သိရှိရပါသည်။
ရိန် (ပြန်/ဆက်)


