မန္တလေး  ၂၃  မေ 

မြန်မာမှုလက်ရာတစ်ခုဖြစ်သည့် မှန်စီရွှေချပညာရပ်သည် လက်ဆင့်ကမ်းပညာသင်ယူမှု နည်းပါးလာသည့်အတွက် လုပ်ငန်းများ တိမ်ကောလာကာ  ပညာရှင် ပျောက်ကွယ်လုနီးပါးဖြစ်လာကြောင်း စိန်ရွှေ Group  မှန်စီရွှေချလုပ်ငန်းမှ ဦးဝင်းတင့်က ပြောကြားသည်။

''အခု မြန်မာနိုင်ငံမှာ မှန်စီရွှေချလုပ်ငန်းတွေ နည်းပါးတဲ့ အကြောင်းကတော့ အစားထိုးပစ္စည်းတွေ ဝင်လာတာရယ် အလုပ်လုပ်တဲ့သူတွေရဲ့ လက်ရာအရည်အသွေးပိုင်းက မပြည့်မီတဲ့အတွက် နှစ်ရှည်မခံတာ တွေကြောင့် ဒီလက်မှုပညာရပ်တွေနဲ့ ဘုရားတွေမှာ လှူဒါန်းတဲ့သူတွေ နည်းသွားတယ်။ ဒီလုပ်ငန်းက ပန်းချီ၊ ပန်းရန်၊ ပန်းတော့နဲ့ ပန်းယွန်း စတဲ့ ပညာရပ် သုံး၊ လေးခုလောက် ရောစပ်ထားတဲ့အတွက်ကြောင့် လုပ်ရတာ လက်ဝင်ပါတယ်။ အခုဆိုရင် ဒီလုပ်ငန်းဟာ တိမ်ကောတော့မယ့် အနေအထားကို ရောက်နေပါပြီ'' ဟု ၎င်းက ပြောသည်။

 

mdn

 

မန္တလေးမြို့တွင် ၁၉၉၁ နှစ်လောက်က မှန်စီရွှေချပညာရှင် အယောက် ၄၀ဝ ကျော်ရှိခဲ့ရာမှ လက်ရှိတွင် အယောက် ၂၀ ခန့်သာ ကျန်ရှိသဖြင့် မြန်မာနိုင်ငံတွင် မှန်စီရွှေချလုပ်ငန်း လုပ်ကိုင်သူ ၉၅ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း သိရသည်။

''အခုဆိုရင် လက်ဆင့်ကမ်းပညာသင်ယူသူကလည်း နည်းပါးလာပါတယ်။ ပညာရပ်တစ်ခုက စာတွေ့အနေနဲ့ စာအုပ်ထဲမှာပဲ ရေးပြီးတော့ သင်ပေးလို့ မရပါဘူး။ အဲဒါက သင်ပေးတာပဲ ရှိတယ်။ တတ်မြောက်မှုကတော့ လက်တွေ့လုပ်မှ တတ်မယ်။ ဒီပညာရပ်ကို သင်ယူတဲ့သူဟာ ပညာ သုံး၊ လေးခုလောက်ကို တတ်မြောက်ထားမှသာလျှင် လက်ရာပိုင်းမှာ အရည်အသွေးက မီလာမယ်။  လက်ရာကလည်း လှမယ်။ နှစ်ရှည်လည်းခံမယ်။ ဒါမှ အလှူရှင်တွေကလည်း ကုသိုလ်ပြု လှူဒါန်းကြမယ်။ အဲဒါမှလည်း ပညာသင်မျိုးဆက်သစ်တွေ လက်ဆင့်ကမ်း ပညာသင်ယူပြီးတော့ ဒီလုပ်ငန်းနဲ့ ရပ်တည်နိုင်လိမ့်မယ် ''ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

mdn

 

မှန်စီရွှေချပညာရပ်သည် ရှေးနှစ်ပေါင်းများစွာကတည်းက ဘုရားကျောင်းကန်များရှိ မျက်နှာကျက်၊ မုခ်ဦးတန်ဆောင်း၊ မင်းခမ်းမင်းနားအသုံးအဆောင်များနှင့် ပလ္လင်နောက်ခံဒီဇိုင်းဆင်ယင်မှုများတွင် အသုံးပြုခဲ့သည့် မြန်မာမှုအနုလက်ရာတစ်ခု ဖြစ်ကြောင်း သိရသည်။

အောင်ဖြိုးကျော်