၁၀  မတ်

ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းကို စာချုပ်သစ် တစ်ရပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေတာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ နဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့လည်း စီစဉ်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာအနေနဲ့ ယူအီးအက်ဖ်အေက မန်စီးတီးအသင်းကို ဥရောပပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပေမယ့် ဘယ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းကို စာချုပ်သစ်ချုပ်ဆို သွားမယ်လို့ ဆိုပါတယ်။ ။

ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ အခုနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ဂိုးဖန်တီးမှုများစွာ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဘောလုံးရာသီတစ်ရာသီအတွင်းမှာ အခြားကစားသမားတွေ ဂိုးသွင်းနိုင်ဖို့ ပရီမီယာလိဂ် ဂိုးဖန်တီးရှင်အဖြစ် စံချိန်တင်ခဲ့တဲ့ ဟင်နရီရဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ့် အခွင့်အရေးတစ်ရပ်ရှိနေပြီး ဟင်နရီဟာ တစ်ရာသီတည်းမှာ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းကို ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုဖို့ ဆန္ဒရှိနေပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၁၈ သန်းကျော် ပေးဖို့လည်း ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ၂၀၁၅ ခုနှစ်က ဝုလ်ဘတ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ လက်ရှိအချိန်အထိ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ပါဝင် ကစားပေးထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဘရိုင်းဟာလက်ရှိအချိန်အထိ မန်စီးတီးအသင်းအတွက် သွင်းဂိုး ၅၀ အထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်

 

De Bruyne goal cele 2