ပရီမီယာလိဂ်ပွဲစဉ်(၃၅)ရဲ့ ဧပြီ ၃၀ ရက် ညပိုင်း နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းက လိဒ်ယူနိုက်တက်အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

သွင်းယူပေးခဲ့

အဲဒီပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၃ မိနစ်မှာ ဖီးလ်ဖိုဒန်၊ ၅၄ မိနစ်မှာ နက်သန်အကဲ၊ ၇၈ မိနစ်မှာ ဂါဘရီယယ် ဂျီးဆပ်နဲ့ မိနစ် ၉၀ မှာ ဖာနန်ဒင်ဟိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လိဒ်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်စုစုပေါင်း ၃၄ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယားဒုတိယနေရာက လီဗာပူးအသင်းကို တစ်မှတ်ဖြတ်ကာ ရမှတ်စုစုပေါင်း ၈၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ ပရီမီယာလိဂ်ပွဲစဉ် ၃၄ ပွဲပါဝင်ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၈၂ မှတ်ရရှိကာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်နိုင်ခဲ့

မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ အခုနှစ်ဘောလုံးရာသီအတွင်း ကစားဖို့ လေးပွဲစီ ကျန်ရှိ နေချိန်မှာ မန်စီးတီးအသင်းက လီဗာပူးအသင်းကို တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင် နိုင်ခဲ့ပြီး အခုပွဲမှာ နိုင်ပွဲရရှိခဲ့ပေမယ့် စပိန်မြေမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ သွားရောက်ကစားရမှာဖြစ်တာကြောင့် နည်းပြ ဂွါဒီယိုလာဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကီဗင်ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗားနဲ့ ရီယက်မာရက်ဇ်တို့ကို ချန်လှပ် ထားခဲ့တာ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဖီးလ်ဖိုဒန်ဟာ အခုပွဲစဉ်တစ်လျှောက်လုံးမှာ အကောင်းဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်