မေ ၆၊ ၂၀၂၂

 

ရီးယဲလ်မက်ဒရစ်အသင်းနဲ့   မန်စီးတီးအသင်းတို့ မေ ၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက မန်စီးတီးအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပထမအကျော့မှာ မန်စီးတီးအသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး-ငါးဂိုးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းက အနိုင်ရရှိကာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

 

အခုပွဲစဉ်မှာ တိုက်စစ်မှူး ဘင်ဇီမာဟာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ သွင်းဂိုး စုစုပေါင်း ၃၂၂ ဂိုး အထိ ရှိလာခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုးအများဆုံး သွင်းယူ နိုင်ခဲ့တဲ့ ကစားသမားစာရင်းဝင်ခဲ့ပါတယ်။ 

 

ဘင်ဇီမာထက် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသူတွေကတော့ စီရိုနယ်လ်ဒို(ဂိုးပေါင်း ၄၅၀)နဲ့ ရာအူးလ် (၃၂၃ ဂိုး)တို့ပဲ ဖြစ်ပါတယ်။ ဘင်ဇီမာဟာ အခုနှစ်ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၄၃ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

ဥရောပဖလား/ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ်ဆွတ်ခူးထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းခွင့်ရရှိ ခဲ့ပြီဖြစ်တာကြာင့် (၁၄)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားရရှိနိုင်မယ့် အခွင့်အရေးနဲ့ နီးစပ်လာခဲ့ပြီး ဗိုလ်လုပွဲမှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲစဉ်ကို မေ ၂၈ ရက်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ စတိတ်ဒီဖရန့်ကွင်းမှာ ကျင်းပမှာ လည်း ဖြစ်ပါတယ်။

 

မန်စီးတီးအသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်နဲ့ ဝေးခဲ့ရပြီဖြစ်တာကြောင့် ပရီမီယာလိဂ် ဖလားရရှိရေးကိုသာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ခြောက်ကြိမ် အထိ ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့်  နည်းပြမော်ရင်ဟိုရဲ့  ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရှုံးပွဲကြုံခဲ့မှုနဲ့ တူညီသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်စလော့တီကတော့ ချန်ပီယံလိဂ် သမိုင်းမှာ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို အကြိမ်ရေအများဆုံးတက်လှမ်း နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အေစီမီလန် အသင်းနဲ့အတူ ၂၀၀၃၊ ၂၀၀၅ နဲ့ ၂၀၀၇ တို့မှာ ဗိုလ်လုပွဲတက်ခဲ့ကာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂၀၁၄ နဲ့ ယခု ၂၀၂၂ တို့မှာ ဗိုလ်လုပွဲ တက်ခဲ့တာ ဖြစ်ပါတယ်။

 

ငွေကြယ်