မန်စီးတီးအသင်းသည် စီးရီးအေကလပ် အေစီမီလန်အသင်းမှ နယ်သာလန် ကွင်းလယ်ကစားသမား တီယာနီ ရွိုင်ဂျန်ဒါစ်ကို ပေါင် ၄၆ ဒသမ ၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း သိရသည်။ အသက် ၂၆ နှစ်အရွယ် အဆိုပါကွင်းလယ် ကစားသမားသည် မန်စီးတီးအသင်းနှင့် ငါးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမည်ဖြစ်သည်။ မန်စီးတီးအသင်းသည် ရွိုင်ဂျန်ဒါစ်ကို ဇွန် ၁၄ ရက် ကလပ်ကမ္ဘာ့ဖလားမတိုင်မီ အပြီးသတ်ခေါ်ယူသွားဖွယ်ရှိနေသည်။ မန်စီးတီးအသင်းမှ အားထားရသည့် ကွင်းလယ်ကစားသမား ဒီဘရိုင်းသည် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ မန်စီးတီးအသင်းတွင် ပါဝင်လာဖွယ်မရှိကြောင်း သိရသည်။
၎င်းသည် စီးရီးအေချန်ပီယံ နာပိုလီအသင်းထံ ပြောင်းရွှေ့ရေးနှင့်ပတ်သက်၍ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေ သည်။
ရွိုင်ဂျန်ဒါစ်သည် ပြီးခဲ့သည့်ရာသီတွင် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၅၄ ပွဲ ပါဝင် ကစားထားပြီး ၁၅ ဂိုးသွင်းယူပေးထားနိုင်သည်။ ၎င်းသည် ရာသီပြီးဆုံးချိန်တွင် စီးရီးအေ တစ်နှစ်တာ အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ရွိုင်ဂျန်ဒါစ်သည် ၂၀၂၃ ခုနှစ်တွင် နယ်သာလန်ကလပ် အယ်ခမာအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။ မန်စီးတီးအသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ် အဖြစ် လာမည့် ဇွန် ၁၈ ရက်တွင် မော်ရိုကိုကလပ် ဝစ်ဒက်ဒ်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။
အောင်ဇော်