မန်စီးတီးအသင်းသည်    အေစီမီလန်အသင်း ကွင်းလယ်ကစားသမား   တီယာနီရွိုင်ဂျင်ဒါစ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၆ ဒသမ ၅ သန်းနှင့် အတူ ငါးနှစ်စာချုပ်ခေါ်ယူလိုက်ပြီဖြစ်သည်။

အဆိုပါ  နယ်သာလန်ကစားသမားသည် အိသ်နော်ရီ၊ ဘက်တီနယ်လီ၊  ချာကီတို့ပြီးနောက် ယခု နွေရာသီတွင်  နည်းပြ  ဂွါဒီယိုလာခေါ်ယူသည့် စတုတ္ထမြောက် ကစားသမားဖြစ်လာခဲ့သည်။ မန်စီးတီးအသင်းသည်    အသက်  ၂၆   နှစ်အရွယ် ရွိုင်ဂျင်ဒါစ်ကို အမေရိကန်ပြည်ထောင်စုတွင် ကျင်းပတော့မည့် ကလပ်ကမ္ဘာ့ဖလားမတိုင်မီ အပြီးသတ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်း သည် ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် လာမည့် ဇွန် ၁၈ ရက် တွင် ဝါဒက်အသင်းနှင့် စတင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နယ်သာလန်အသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားထားသော    ရွိုင်ဂျင်ဒါစ်သည်  ဇွန် ၁၀ ရက်တွင် နယ်သာလန်အသင်းက မော်လ်တာအသင်းကို ရှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ပါဝင် ကစားခွင့် မရရှိခဲ့ပေ။   ၎င်းသည် ပြီးခဲ့သည့် ရာသီတွင် အေစီ မီလန်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၅၄ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်းသည် စီးရီးအေ၏ တစ်နှစ်တာ အကောင်းဆုံး ကွင်းလယ်ကစားသမားအဖြစ်လည်း သတ်မှတ်ခြင်းခံထားရသည်။                                  

အောင်ဇော်