မန္တလေး ၁၅ ဖေဖော်ဝါရီ

 

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ကနေ မန္တလေးမြို့ကို အလုပ်ကိစ္စနဲ့လာရောက်တဲ့ မိတ်ဆွေတချို့ထံက စကားတစ်ခွန်းကြားရတယ်။ “မန္တလေးမြို့ရဲ့ လမ်းတွေက သန့်ရှင်းပြီး ဖုန်တွေမရှိဘူးတဲ့” မန္တလေးမှာ နေထိုင်သူတစ်ယောက်အနေနဲ့ ဒီစကားကို ထောက်ခံရမှာဖြစ်ပါတယ်။ အရင်ကဆိုရင် လမ်းမကြီးတွေမှာ ကတ္တရာလမ်းခင်းတယ်ဆိုရင် နောက်ဆုံးအဆင့်မှာ သဲခပ်ပါးပါးလေး ထပ်ဖုံးတာတွေ့ရပါတယ်။ လမ်းအသစ်ပေမယ့် လမ်းပေါ်မှာ သဲတွေကျန်နေရစ်တာ အမှန်တကယ် ကြုံတွေ့ခဲ့ရတာပါ။ လမ်းတစ်ခုခင်းတဲ့နေရာမှာ ရက်ပေါင်းများစွာ လမ်းပိတ်ဆို့မှုတွေ ၊ ယာဉ်ကြောရှုပ်ထွေးမှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။

 

ဒေါက်တာရဲလွင် မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဟာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်လာပါတယ်။ ပြုပြင်ပြောင်းလဲမှု တွေထဲမှာ မန္တလေးမြို့ရဲ့ လမ်းတွေ သန့်ရှင်းသပ်ရပ်လာအောင် စနစ်သစ်နဲ့ခင်းခဲ့တာလည်း အပါအဝင်ဖြစ်ပါတယ်။

 

မန္တလေးမြို့ရဲ့ လမ်းတွေကို ပိုမိုကောင်းမွန်ပြီး ငွေကြေးကုန်ကျမှု လျော့ပါးပြီး လမ်းခင်းချိန် မြန်ဆန်စေတဲ့ လမ်းခင်းသည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တယ်။ သမာရိုးကျလမ်းခင်းတဲ့ စနစ်ဟာ ကျောက်တွေကို အကြီး၊ အလတ်၊ အသေးကို အခြေခံအဖြစ် အထပ်ထပ်ခင်းရတယ်။ ကတ္တရာကျိုပြီး လူ့တွေရဲ့ လုပ်အားနဲ့ ကတ္တရာ ဖြန်းရတာပါ။ သည်လို သမာရိုးကျလမ်းခင်းတဲ့အခါမှာ ကတ္တရာကျိုရတဲ့အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေသလို ၊ ကတ္တရာတွေလည်း အလေအလွင့် ဖြစ်စေပါတယ်။ ကတ္တရာကို မီးဖြင့်ကျိုရတဲ့အတွက် အပူချိန် ပမာဏ အချိန်အဆ အထိန်းအချုပ် မရှိတဲ့အတွက် over Burn ဖြစ်ပြီး ကတ္တရာ စေးပျစ်မှု နည်းစေတယ်လို့ သိရပါတယ်။ လူလုပ်အားနဲ့ ဆောင်ရွက်ရတဲ့အတွက် ယာယီလမ်းပိတ်ထားရတဲ့ ကာလ ကြာမြင့်တက်ပါတယ်။

 

age 50211408

 

အခုဆိုရင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အပြောင်းအလဲတွေထဲက တစ်ခုဖြစ်တဲ့ လမ်းခင်းတဲ့စနစ်မှာ အရင်က တင်သွင်းတဲ့ ကတ္တရာအမျိုးအစား (၈၀/၁၀ဝ ) အစား စေးပျစ်မှုပိုကောင်းသည့်  အသင့်ကျို ကတ္တရာအရည် (၆၀/၇၀)ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ 

 

ဂျာမဏီနိုင်ငံကထုတ်လုပ်တဲ့ ကွန်ပျူတာနဲ့ ထိန်းချုပ်နိုင်တဲ့ ကတ္တရာကျိုစက် (AC Plant) ကို တည်ဆောက်ခဲ့ပါတယ်။ သည်ကတ္တရာကျိုစက်ဟာ ဓာတ်ခွဲခန်းက စမ်းသပ်ပြီး သတ်မှတ်ထားတဲ့ အရည်အသွေးရှိတဲ့ ကတ္တရာကို ထုတ်လုပ်ပါတယ်။ ကျိုစက်က ထွက်လာတဲ့ကတ္တရာကို လမ်းခင်း တဲ့နေရာကို သတ်မှတ်ထားတဲ့အပူချိန်အတွင်းရောက်ရှိအောင် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ယခုပြောင်းလဲလိုက်သည့် ကတ္တရာအမျိုးအစားဟာ စေးပျစ်နှုန်းပိုကောင်းတဲ့အတွက် လမ်းတွေကို ပိုမိုကြံ့ခိုင်စေတယ်။ လို့ သိရပါတယ်။

 

‘နိုင်လွန်ကတ္တရာလမ်းက လမ်းသားချောတယ်။ နိုင်ငံတကာ အဆင့်မီတဲ့ လမ်းလည်းဖြစ်တယ်။ ကားသွားရင် ဆူညံသံထွက်တာနည်းတဲ့အတွက် လမ်းဘေးဝဲ ၊ ယာ နေအိမ်တွေကို အနှောက်အယှက် ဖြစ်စေမှုနည်းပါတယ်၊ ရေလုံတဲ့အတွက် ကတ္တရာလမ်းသား ပျက်စီးမှု နည်းတယ်။ CAT(Caterpillar) ၂၀ဝ၈ မော်ဒယ် စက်တွေဟာ အော်တိုမစ်တစ် စနစ်ဖြစ်တဲ့အတွက် တစ်မိနစ်ကို ၇၂ ပေခန့်လမ်းခင်းနိုင်ပြီး  လူအင်အားများများ မလိုပဲ အချိန်အနည်းဆုံးနဲ့ အမြန်ဆုံး လမ်းခင်းနိုင်တာဖြစ်ပါတယ်။’ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ လမ်းတံတားဌာနမှ လမ်းအင်ဂျင်နီယာတစ်ဦး ဖြစ်သူက ပြောသည်။

 

အရင်က ကျောက်အရွယ်စုံကို အခြေခံထားပြီး ခင်းတဲ့ လမ်းထက် ကုန်ကျစရိတ်သက်သာတဲ့ Cement Stabilized နည်းပညာသစ်နဲ့ လမ်းခင်းမှုကို ဆောင်ရွက်ခဲ့ပါတယ်။  ဘိလပ်မြေ ၄ ရာခိုင်နှုန်း ၊ ဗြုန်းကျောက် ၉၀ ရာခိုင်နှုန်း ၊ ရေ ၆ ရာခိုင်နှုန်း ရောစပ်ပြီး အခြေခံလွှာအဖြင့် အသုံးပြုတာဖြစ်ပါတယ်။ 

 

၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ မန္တလေးမြို့ စည်ပင်သာယာနယ်နမိတ် အတွင်းရှိ မြို့နယ် ခြောက်ခုက လမ်းပေါင်း ၁၉၂ လမ်းကို လမ်းခင်းတာ ၊ ပလက်ဖောင်း ၊ ရေမြောင်း ၊ တံတား ပြုပြင်းမှုတွေအတွက် ငွေကျပ် သန်းပေါင်း ၁၂၅၄၀.၄၀၁ သန်း အကုန်ကျခံ ပြုပြင်ဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

 

လမ်းပေါ်မှာ ကားရေးဆေးတာ၊ ကားစက်သုံးဆီတွေ၊ အင်ဂျင်ဝိုင်တွေ လမ်းပေါ်မှာ ဖောက်ချတာ၊ ဆောက်လုပ်ရေးပစ္စည်းတွေ စုပုံတာ၊ ကွန်ကရစ်ဖျော်တာ၊ ရေမြောင်းပိတ်ဆိုအောင် အမှိုက်တွေ ပစ်တာ၊ မြောင်း အပေါ်ကို ဖုံးအုပ်ပြီး ကျူးကျော် ဈေးရောင်းတာ၊ လမ်းဧရိယာအပေါ် ကျူးကျော် အစွန်းထွက်ပြီး အဆောက်အအုံဆောက်တာ၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း မလိုက်နာတာ၊ လမ်းအမှတ်အသား၊ လမ်းညွှန်ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာတွေ မလုပ်သင့်ဘူးလို့ လမ်းတံတား အင်ဂျင်နီယာတစ်ဦးက အကြံပြုပါတယ်။

 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက လမ်းများကောင်းမွန်ရေးအတွက် ဆောင်ရွက်သလို မြို့နေ ပြည်သူလူထုအနေနဲ့ကလည်း သည်လမ်းတွေကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကူညီပြီး ထိန်းသိမ်းသင့်ပါတယ်။ ။

 

အိမို့မို့ခိုင် 

 

IMG_6