မန္တလေး ၃ မေ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝက်မွေးမြူရေးလုပ်ငန်းသည် အမြတ်ငွေ အလွန်နည်းပါးသဖြင့် ဆက်လက်လုပ်ကိုင်ရန် မသင့်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ၊ ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်က ပြောသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထား ချက်အဆိုနှင့်ပတ်သက်ပြီး အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်က ဖတ်ကြားတင်သွင်းရာမှာ အခုလိုပြောခဲ့ခြင်းဖြစ်သည်။
‘ဝက်မွေးမြူရေး လုပ်ငန်းအနေဖြင့် အမြတ်ငွေ အလွန်နည်းပါးနေသဖြင့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် မသင့်ပါ။ ရင်းနှီးရသည့် ငွေပမာဏနှင့် လုပ်သားလုပ်အားခများနှင့် နှိုင်းယှဉ်ပါက အမြတ်ငွေမှာ အလွန်ပင်နည်းပါးပါသည်’ ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်က ပြောသည်။
အဆိုပါ ဝက်မွေးမြူရေး လုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် မှာယူထားပြီးဖြစ်သည့် အတွက် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်မှစပြီး မွေးမြူခြင်းများ ဆက်လက်လုပ်ကိုင်ရန် မသင့်ကြောင်းအကြံပြု ပြောကြားသည်။
ထို့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စက်ရုံနှင့်မော်တော်ယာဉ်ဌာန စက်သုံးဆီ အသုံးစရိတ် တောင်းခံရာတွင် လွဲမှားမှုများကိုတွေ့ရှိရခြင်း၊ ဌာနများ၏ လျာထားဘတ်ဂျက် တောင်းခံမှုများတွင် ရှင်းလင်းချက်များအား စနစ်တကျ ဖော်ပြထားမှု မရှိခြင်း၊ လမ်းများပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တောင်းခံရာတွင် အသေးစိတ် ဖော်ပြမှု မရှိဘဲ စုပေါင်းဖော်ပြထားခြင်းများရှိကြောင်း သိရသည်။
ပြည်သူများ၏ အခွန်အခများ လေလွင့်နည်းပါးစေရန် ဘတ်ဂျက်ချထားရာတွင် ဌာနအသီးသီးနှင့် တွေ့ဆုံမေးမြန်းစိစစ်ပြီးမှ ချထားပေးသလို၊ ခွင့်ပြုပြီး ဘတ်ဂျက်များအား သုံးစွဲရာတွင် လုပ်ငန်းများ မှန်ကန်စေရေး၊ အရည်အသွေး ပြည့်မီရေးအတွက် လွှတ်တော်ပူးပေါင်းကော်မတီ အနေဖြင့် ကွင်းဆင်းစိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်