ပဒန်မနော၊   ဆွတ်မနော၊  ဂျူမနော၊  ဂွမ်ရမ် မနောနှင့် ရှဒပ်မနော စသည့် မနောပွဲများ ကျင်းပ ရာ၊ ချစ်စဖွယ် ရိုးရာဓလေ့များ ရှင်သန်ရာ၊ သဘာဝ တောတောင်အလှများတည်ရှိရာ၊ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်များဖြစ်သည့် ခါကာဘိုရာဇီ နှင့် ဂမ်လန်ရာဇီတောင်တို့တည်ရှိရာ သွေးချင်းတို့ ဌာနေ မနောမြေသည် ပြည်နယ်လူမှုစီးပွားအတွက် ဆက်သွယ်သွားလာရေး ခက်ခဲသည့်အခြေအနေကို ကျော်လွန်ခဲ့ပြီဖြစ်သည်။

 

ယခင်က နေ့ချင်းရောက်ရန် ခက်ခဲသည့် ခရီး လမ်းများကို နေ့ချင်းရောက်ခရီးအဖြစ် ဆက်သွယ်  သွားလာနိုင်စေရန် ကချင်ပြည်နယ် လမ်းဦးစီးဌာန အနေဖြင့် လမ်းကွန်ရက်များ အဆင့်မြှင့်တင်နိုင်ခဲ့ သည်။ ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၏  လူမှုစီးပွားကို     များစွာအထောက်အကူပြုနိုင် သည့်    မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၊ မန္တလေး- လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်း (မြစ်ကြီးနား-ဗန်းမော်)၊    မံဝိန်း - ချီဖွေလမ်း၊ မချမ်းဘော့ -ဖရုခ-နောင်မွန်းလမ်း စသည့် ပြည်နယ်၏ အဓိကလမ်းပိုင်းများကို လမ်းဦးစီးဌာနအနေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိသည်။ ပြည်နယ်အတွင်း ဆက်သွယ်သွားလာရာတွင် ယခင်ထက် ပိုမိုအဆင်ပြေလွယ်ကူလာသည့် အတွက် ဒေသခံများ၏ လူမှုစီးပွားဘဝများသည် ပိုမိုဖွံ့ဖြိုး ရန် အခြေအနေကောင်းများ ဖြစ်ပေါ်လာပြီဖြစ်သည်။

 

“ကျွန်တော်တို့ဒေသမှာ အရင်ကတော့ ကမ္ဘာ ကျော် ဗွက်တောလမ်းလို့ နာမည်ကြီးတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းဟာ အခုတော့လည်း အဆင်ပြေပြေ လွယ်လွယ်ကူကူနဲ့ မြစ်ကြီးနားကနေ ပူတာအိုကို နေ့ချင်းရောက် သွားနိုင်နေပြီ။ ဒီလိုနေ့ချင်းရောက် သွားနိုင်လာနိုင်တယ်ဆိုတော့ ဒေသစီးပွားကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့ ကျေးရွာဆိုရင် ဒီလမ်းပိုင်း ပေါ်မှာရှိတဲ့အတွက် ဒီလမ်းကောင်းတာနဲ့ ဆက်စပ် ပြီး စီးပွားရေး၊ ကျန်းမာရေး ဖွံ့ဖြိုးမှုတွေ ရရှိခဲ့ပါ တယ်။ အခုလိုအခြေခံလမ်း၊ တံတားတွေ ကောင်းနေပြီဖြစ်တဲ့အတွက် ကျန်တဲ့ကဏ္ဍတွေလည်း ဖွံ့ဖြိုးမှု ရရှိနိုင်မှာပါ” ဟု ခတ်ခရားယန်ကျေးရွာမှ ဒေသခံ ဦးနော်တောင်က ပြောကြားသည်။

 

ကချင်ပြည်နယ်၏ လမ်း၊ တံတားများကို အဆင့်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူပို့ဆောင် ရေးစရိတ်နှင့် အချိန်ကို လျှော့ချနိုင်ရန်အတွက် လက်ရှိလမ်းများကို နိုင်လွန်ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းအဆင့်သို့ ရောက်ရှိစေရန်ရည်ရွယ်၍ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းများ ဖြစ်လာ စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ လမ်းဦးစီးဌာနသည် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကချင်ပြည်နယ် လမ်းဦးစီးဌာနသည် ကချင်ပြည် နယ်အတွင်း မြို့တွင်းလမ်းများ၊ ခရိုင်ချင်း ဆက်သွယ်သည့် လမ်းများ၊ မြို့နယ်ချင်းဆက်သွယ် သည့် လမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။

 

ပြည်နယ်အတွင်းရှိ လမ်းပိုင်းများ ပိုမိုတိုးတက် ကောင်းမွန်စေရေး ရည်ရွယ်ဆောင်ရွက်ရာတွင် ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် သည့် လမ်း ၅၆ လမ်းရှိပြီး လမ်းမိုင် အရှည် ၂၁၈၀ မိုင် ၅ ဖာလုံ ရှိသည်။ တံတားများအနေဖြင့် ပေ ၁၈၀ အထက် ၉၄ စင်း၊ ပေ ၁၈၀ အောက် ၆၈၃၅ စင်း စုစုပေါင်း ၆၉၂၉ စင်းကို တာဝန်ယူထိန်းသိမ်း လျက်ရှိသည်။

 

ကချင်ပြည်နယ်အတွင်း လမ်းဦးစီးဌာနမှ လမ်း/ တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးအတွက် အဓိက ကျသည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီဖြစ်သည်။

 

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းသည် အရှည် (၂၁၈/၀)မိုင်ရှိသည်။ ယခင်က မြစ်ကြီးနား မြို့နယ်နှင့် ပူတာအိုမြို့နယ်အတွင်း၌သာ AC လမ်း နှင့် ကတ္တရာလမ်းအနည်းငယ်သာရှိပြီး ကျန်ရှိသော လမ်းပိုင်းများမှာ အမာခံလမ်းနှင့် မြေလမ်း အမျိုး အစားဖြစ်ခြင်းကြောင့် ဗွက်တန်းများဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနားမှပူတာအိုသို့ ဆက်သွယ်သွားလာရာ တွင် ညအိပ်ခရီးသွားလာခဲ့ရသည့် အခြေအနေ တည်ရှိခဲ့သည်။

 

ထိုအခြေအနေကို ကျော်လွန်စေရန် လမ်းဦးစီး ဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း ၁၀၇ မိုင် ၇ ဖာလုံ၊ တံတားများအားလုံး သံကူကွန်ကရစ် တံတားများအဖြစ် အဆင့်မြှင့်တင်တည်ဆောက် ပေးနိုင်ခဲ့သည့်အတွက် ယခုအခါ မြစ်ကြီးနားမှ ပူတာအိုသို့ မော်တော်ယာဉ်များဖြင့် နေ့ချင်းရောက် သွားလာနိုင်ပြီဖြစ်သည်။ တောင်ကျချောင်းရေ များပြားသည့် မိုးတွင်းကာလတွင် မော်တော်ယာဉ် များ စောင့်ဆိုင်းနေရသည့် အိခချောင်း ပေ ၂၇၀၊ ခင်ဒူယန်ချောင်းတံတား ပေ ၂၁၀ တို့ကိုလည်း သံကူကွန်ကရစ် တံတားများအဖြစ် တည်ဆောက် နေလျက်ရှိသည်။ ပူတာအို မြို့တွင်းလမ်းပိုင်းများ ကိုလည်း AC လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

 

ပြည်နယ် လမ်းဦးစီးဌာနသည် ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် အဓိကကျသည့် လမ်းပိုင်းတစ်ခုဖြစ် သည့် မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနား လမ်း (မြစ်ကြီးနား-ဗန်းမော်) လမ်းပိုင်းကို အဆင့် မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

 

“ဒီလမ်းပိုင်းကတော့ အရှည် (၁၁၆/၀) မိုင် ရှိပါ တယ်။ မူလပြောင်းဖူးစေ့ ကျောက်စီလမ်းကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကနေ စတင်ပြီးတော့ ဘဏ္ဍာနှစ်အလိုက် AC လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်အထိ AC လမ်း ၆၂ မိုင် ၇ ဖာလုံ ဆောင်ရွက် ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ဆက်လက်ပြီးတော့လည်း AC လမ်း ၁၇ မိုင် ၂ ဖာလုံ ဆောင်ရွက်နေလျက်ရှိပါတယ်။ ဒီလမ်းပိုင်း အဆင့်မြှင့်တင်တာ ပြီးစီးသွားရင် ဗန်းမော်ကနေ လဂျားယန်အထိနဲ့ မြစ်ကြီးနားကနေ နန်ဆန်ယန်အထိ AC လမ်း၊ ကတ္တရာလမ်းတွေအဖြစ် တစ်ဆက် တစပ်တည်း ဆက်သွယ်သွားလာနိုင်ပြီဖြစ်ပါတယ်။ လက်ရှိလမ်းပိုင်း အခြေအနေက Paved က ၅၉ ရာခိုင်နှုန်း၊ Unpaved က ၄၁ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု ကချင်ပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

 

မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်း (မြစ်ကြီးနား-ဗန်းမော်) လမ်းပိုင်းပေါ်ရှိ နန့်မြစ်ခ တံတားအား အရှည်ပေ ၃၂၀ လေးလမ်းသွား တံတားကြီးအဖြစ်လည်းကောင်း ၊ ဝိုင်းမော်မြို့တွင်း လမ်းပိုင်းအား လေးလမ်းသွား AC လမ်းအဖြစ် လည်းကောင်း အကောင်အထည်ဖော် တည်ဆောက် ပေးနိုင်ခဲ့သဖြင့် လမ်းပိုင်းယာဉ်ကြော ကျပ်တည်းမှု အား ဖြေလျှော့ပေးနိုင်ခဲ့သည်။ ထို့အပြင် ဗန်းမော် မြို့တွင်းပိုင်းနှင့် မိုးမောက် မြို့တွင်းလမ်းပိုင်းများ ကိုလည်း AC လမ်းများအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ခဲ့သည်။

 

mdn

 

လမ်းဦးစီးဌာနမှ အဆင့်မြှင့်တင်လျက်ရှိသည့် လမ်းပိုင်းတစ်ခုဖြစ်သည့် မံဝိန်း - ချီဖွေလမ်းသည် ချီဖွေမြို့အထိ ၅၄ မိုင် အရှည်ရှိပြီး ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ညအိပ်ခရီး သွားလာခဲ့ရသည်။ ထိုအခြေအနေကို ကျော်လွန် စေရန်အတွက် လမ်းဦးစီးဌာနသည် ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လမ်းပိုင်းတစ်ခုလုံး ကတ္တရာလမ်းအဖြစ် ဒေသခံပြည်သူများ တိုးတက် အသုံးပြုနိုင်ခဲ့ပြီဖြစ်ပြီး ယခုအခါ မံဝိန်း-ချီဖွေလမ်း ကို အသုံးပြု၍ မြစ်ကြီးနားမှ ချီဖွေသို့ နေ့ချင်းပြန် သွားလာနိုင်ပြီဖြစ်သည်။ ဆက်လက်၍ ချီဖွေမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်မြို့ဖြစ်သော ပန်ဝါမြို့သို့ ဆက်သွယ်သည့် ချီဖွေ - လုပီ - ပန်ဝါ လမ်း (၄၀/၂) မိုင်ကိုလည်း ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဆင့်သို့ တိုးမြှင့်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ပြည်နယ်အတွင်း လမ်းကွန်ရက် အဆင့်မြှင့်တင်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် သိသာထင်ရှားစွာ လမ်းပန်းဆက်သွယ်မှု တိုးတက်လာခဲ့ သည့် လမ်းပိုင်းများတွင် မချမ်းဘော့ - ဖရုခ-နောင်မွန်းလမ်းပိုင်းလည်း ပါဝင်သည်။

 

မချမ်းဘော့ - ဖရုခ - နောင်မွန်းလမ်းသည် အရှည် ၆၁ မိုင်ရှိပြီး ပူတာအိုခရိုင်အတွင်း ခေါင်လန်ဖူး၊ နောင်မွန်ဒေသရှိ ဒေသခံပြည်သူများ ဆက်သွယ်သွားလာရေး အဆင်ပြေချောမွေ့စေရန် မူလမြေသားလမ်းအား အမာခံလမ်း၊ အမာခံ လမ်းအား ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ကျောက်စီမြေထိန်း နံရံ တည်ဆောက်ခြင်းနှင့် ၎င်းလမ်းပေါ်ရှိ အရှည်ပေ ၈၄၀ ရှိသော မလိခတံတား (မချမ်းဘော့) တံတားကြီးနှင့် အရှည်ပေ ၅၀၀ ရှိသော ရပ်ဘော့တံတား ကြီး နှစ်စင်းအပြင် ကြိုးတံတားများဖြစ်သော ထီခကြိုး တံတားပေ ၄၀၀၊ ထာခတံတားပေ ၂၀၀၊ ကဆန်ခတံတားပေ ၃၀၀ တို့ကို သံကူကွန်ကရစ် တံတားကြီးများအဖြစ် တည်ဆောက်အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ထိုသို့ အဆင့်မြှင့်တင်နိုင်ခဲ့သည့်အတွက် ယခင်က ပူတာအိုမှ နောင်မွန်အထိ နှစ်ညအိပ်ခရီးဖြင့် ခက်ခက်ခဲခဲ ဆက်သွယ် သွားလာရသော်လည်း ယခုအခါ မော်တော်ယာဉ်ဖြင့် ပူတာအိုမှ နောင်မွန်သို့ နေ့ချင်းပြန်ခရီး ဆက်သွယ်သွားလာနိုင်ကာ နောင်မွန်ဒေသရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝများသည် တိုးတက် ကောင်းမွန်လာပြီဖြစ်သည်။

 

ပြည်နယ်အတွင်းရှိ လမ်းပိုင်းတစ်ခုဖြစ်သည့် နမ္မတီး - တနိုင်း - ပန်ဆောင်လမ်း၏ ကချင်ပြည် နယ်အပိုင်း နမ္မတီးမိုင်(၀/၀) မှ တဂတ်ခအထိ မိုင် (၁၄၄/၁)ထိ စုစုပေါင်းမိုင် (၁၄၄) မိုင် (၁) ဖာလုံဖြစ်ပြီး ယခင်က အမာခံလမ်း၊ မြေလမ်းအဖြစ် တည်ရှိခဲ့ သည်။ ယခုအခါ AC လမ်း (၂၀/၀)မိုင်၊ ကွန်ကရစ် လမ်း ၁၁ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၇ မိုင် ၄ ဖာလုံ ခင်းနိုင်ခဲ့သည့်အတွက် မြစ်ကြီးနားမှ တနိုင်း၊ ရှင်ဗွေယန်သို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

 

“ဒီနမ္မတီး-တနိုင်း-ပန်ဆောင် လမ်းပိုင်းမှာကျန်ရှိနေတဲ့ အမာခံလမ်းအပိုင်းကိုလည်း နှစ်စဉ် ပြည်ထောင်စု/ ပြည်နယ် ဘဏ္ဍာရန်ပုံငွေနဲ့ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် ဆက်လက်အဆင့် မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်နယ် လမ်းပိုင်းတွေ အဆင့်မြှင့်တင်တဲ့အခါ ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေနဲ့ ဆောင်ရွက်သလို B.O.T နဲ့ ဆောင်ရွက်စေတာလည်း ရှိပါတယ်” ဟု ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောပြသည်။

 

လမ်းဦးစီးဌာနသည် မိုးမောက် - ကျောက်စခန်း- စိန်လုံ - လွယ်ဂျယ်လမ်းနှင့် မိုးကောင်း - ပါဟုတ်- ကာမိုင်းလမ်းအား B.O.T စနစ်ဖြင့် AC လမ်း၊ ကွန်ကရစ်လမ်းများအဆင့်သို့ အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ် လမ်းသည် အရှည် ၄၇ မိုင် ၄ ဖာလုံရှိပြီး လက်ရှိ တွင် ပြောင်းဖူးစေ့ကျောက်စီလမ်းအဖြစ် တည်ရှိသည်။ ယင်းလမ်းပိုင်းကို (8.5m) အကျယ် နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရန် ဟုန်ရှင်းကျန်းဘ ကုမ္ပဏီက B.O.T စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ လမ်းပိုင်း နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပြီးပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအကြား ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် လာမည်ဖြစ်သည်။

 

အချုပ်အားဖြင့် တင်ပြရလျှင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်အတွင်းရှိ လမ်းများအား ASEAN Class III ၊ ၁၈ ပေ အကျယ် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းအဆင့်သို့ ရောက်ရှိစေရန် ကချင် ပြည်နယ် လမ်းဦးစီးဌာနသည် ကချင်ပြည်နယ် အတွင်း မြို့တွင်းလမ်းများ၊ ခရိုင်/မြို့နယ်ချင်း ဆက်သွယ်သည့်လမ်းများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် သွေးချင်းတို့ဌာနေ ကချင်မြေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကြိုးပမ်း လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

ဗညားဦး