နေပြည်တော်  မေ ၂၀

မွေးမြူရေးနည်းပညာဆိုင်ရာ သုတေသနဖွံ့ဖြိုးရေးအတွက် မွေးမြူရေးသုတေသန ဦးစီးဌာနက ဖွင့်လှစ်သည့် မြင်း ၊ မြည်း နှင့် လား မွေးမြူထုတ်လုပ်ရေး သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်း၌ ကျင်းပရာ အခမ်းအနားသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ခေတ္တဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းဥက္ကဋ္ဌ၊ သင်တန်း ဆရာ ဆရာမများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်များမှ မွေးမြူရေးပညာရှင်များ က Online စနစ်ဖြင့် တက်ရောက်ကြသည်။

ဉီးစွာဒုတိယဝန်ကြီး က မွေးမြူရေးနည်းပညာဆိုင်ရာသုတေသနဖွံ့ဖြိုးရေး သင်တန်းကို သက်ဆိုင်ရာဌာနခွဲများ၊ သုနေသနစခန်းများမှ ဝန်ထမ်းများအား မြင်း ၊ မြည်း နှင့် လား မွေးမြူထုတ်လုပ်ရေးဘာသာရပ်များ ပို့ချပေးခြင်းအပေါ် မွေးမြူရေးသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေး၏ ပထမခြေလှမ်းအဖြစ် တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အလားတူ နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ အသားတိုးကြက် နှင့် ဝက် မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ဘာသာ ရပ်များပို့ချပေးနိုင်ရေးကိုလည်း ဆက်လက်စီမံဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ မွေးမြူရေး တိရစ္ဆာန်များ၏ မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ် ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသန လုပ်ငန်းများ၊ မွေးမြူထိန်းသိမ်းခြင်း၊ မွေးမြူရေးကဏ္ဍအတွက် အကျိုးရှိစေမည့် ပိုမိုကောင်းမွန် သော မျိုးအသစ်များ ဖော်ထုတ်ခြင်းဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် လိုကြောင်း၊
ဓါတ်ခွဲခန်းအတွင်း ဆောင်ရွက်ရသည့် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ အောင်မြင်ရေးသာမက မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများတွင် အကျိုးရှိစေမည့် သုတေသန တွေ့ရှိချက်များကို တောင်သူများနှင့်ပူးပေါင်း၍ လက်တွေ့အသုံးချ သုတေသနများ ဆက်လက်ဖော်ထုတ်ခြင်း၊ မွေးမြူရေးလုပ်ကိုင်သူများ သိရှိလိုက်နာဆောင်ရွက်စေခြင်း နှင့် မိမိတို့ဖော်ထုတ်ပေးလိုက်သည့် သုတေသနရလဒ် အကျိုးကျေးဇူးကို မွေးမြူရေးလောက တစ်ခုလုံး ခံစား နိုင်ကြစေရေး ဆောင်ရွက်ခြင်း စသည့် အစ အလယ် အဆုံး အောင်မြင်ရေး ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး က သင်တန်းနည်းပြများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း က  သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်က လက်ခံရယူသည်။

သင်တန်းကာလ (၅)ရက်ကြာဖွင့်လှစ်သည့် အဆိုပါသင်တန်းတွင် မြင်းမျိုးနွယ်စု မျိုးမြှင့်သားဖောက်ခြင်းနှင့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ(Equine Breeding and Production) ဘာသာရပ်များ ၊ မြင်းမျိုးနွယ်စု ရောဂါများ နှင့် အစာအာဟာရဆိုင်ရာ(Equine Diseases and Basic Nutrition for equine) ဘာသာရပ်များကို သက်ဆိုင်ရာ ပညာရှင်များ က ပို့ချဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်