မင်းဘူး ၂၂ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ မင်းဘူး-စကု ကားလမ်း၊ ခရိုင်ပညာရေးမှူး ရုံးရှေ့တွင် ယမန်နေ့ည ၆ နာရီအချိန်က သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရှိရသည်။
ဖြစ်စဉ်မှာ မင်းဘူးမြို့နယ် မီးသတ်စခန်း၏ တောင်ဘက် တစ်မိုင်ခန့်အကွာ၊ အမှတ်(၂) ရပ်ကွက်၊ မင်းဘူး-စကုလမ်း ခရိုင်ပညာရေးမှူးရုံးရှေ့ရှိ လုံးပတ် ၃ ပေခန့်၊ အမြင့်ပေ ၃၀ ခန့်ရှိ စိန်ပန်းပင်မှာ လေ(အနည်းငယ်) တိုက်ခတ်၍ လမ်းမပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရှိရသဖြင့် ဒေါင်းဖန်းမီးငြှိမ်းသတ်ယာဉ်ဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးကျော်ဇင်ဟိန်း ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့ဝင် ၅ ဦးတို့ဖြင့် သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲကျမှုတွင် ဆက်သွယ်ရေး (MPT) ကြိုးတိုင်ပေါ်သို့လဲကျခဲ့၍ ကျိုးပဲ့ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရှိရသည်။
မောင်မောင်(မင်းဘူး)