မင်းဘူး ၁၃ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း လူထုဖြန့်ပျိုးပင်ပေါင်း ၅၀၀၀၀ ကို ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ဌာနဆိုင်ရာများကို ပျိုးပင်ပေါင်း ၁၃၀၀၀၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များကို ပျိုးပင်ပေါင်း ၁၅၀၀၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့နယ်မြေများကို ပျိုးပင်ပေါင်း ၁၇၀၀၀၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ပျိုးပင်ပေါင်း ၁၈၀၃၀ နှင့် သစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ပျိုးပင်ပေါင်း ၄၇၀ တို့ကို ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။
“မင်းဘူး(စကု)မြို့နယ်က မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းမှာ ကျရောက်ပြီး နှစ်စဉ် ရာသီဉတု ဖောက်ပြန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ဒေသလည်း ဖြစ်ပါတယ်၊ ဒါကြောင့် ရာသီဉတု ဖောက်ပြန်မှုဒဏ်ကို ကာကွယ်ဖို့ သစ်ပင်စိုက်ပျိုးနိုင်မှ ရမှာပါ၊ ယခုဖြန့်ဝေပေးမယ့် ပျိုးပင်တွေထဲမှာ အရိပ်ရပင်တွေ၊ ဆေးဘက်ဝင် အပင်တွေ၊ ပန်းပွင့်တဲ့အပင်တွေနဲ့ သစ်ရရှိနိုင်မယ့်အပင်တွေ စသဖြင့် ပြည်သူလူထု စိတ်ဝင်စားတဲ့ သစ်မျိုးစေ့တွေကို ဦးစားပေးရွေးချယ် ပျိုးထောင်းထားပါတယ်၊ ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ လူထုဖြန့် ပျိုးပင်များကို နှစ်စဉ်အလေးထား ဆောင်ရွက်လျက်ရှိပြီး လူထုဖြန့်ပျိုးပင် ၁၆ မျိုးကို အခမဲ့ဖြန့်ဝေပေး သွားမှာဖြစ်ပါတယ်” ဟု မင်းဘူးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးဝင်းအောင် က ပြောသည်။
ပြည်သူလူထုထံ ဖြန့်ဝေပေးမည့်ပျိုးပင်များမှာ ကျွန်း၊ ယူကလစ်၊ မယ်ဇလီ၊ ပင်လည်ကဗွီး၊ တမာ၊ ဗန်ဒါ၊ ယင်းမာ၊ ခရေ၊ ကုက္ကိုလ်၊ မယ်ဇယ်၊ ရေတမာ၊ မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ စိန်တံချု၊ ထိုင်ဝမ်ဗန်ဒါ၊ ပုန်းညှက် စသည်တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကျောက်တန်းပျိုးဉယျာဉ်တွင် မည်သူမဆို အခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


