မင်းဘူး ၉ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူး-ကျောက်တန်း-ရေတွင်းကုန်း လမ်းမပေါ်ရှိ ဆားပွက်ချောင်းတံတား(ရေတွင်းကုန်း)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ ခန့်က တံတားဖွင့်ပွဲယာယီမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်ပက်ဖျန်းကာ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး တံတားပေါ်သို့ ဖြတ်သန်း ကြည့်ရှုခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ တို့က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ရေတွင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေတွင်းကုန်းကျေးရွာ ရွာဦးကျောင်းဆရာတော် အရှင်ဇေဌကထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ဩဝါဒစကား ခံယူခဲ့ကြသည်။
အဆိုပါတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၄၀၂ သန်းဖြင့် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက လုပ်ငန်း အပ်နှံပြီး တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၃) (ပခုက္ကူ)က တာဝန်ယူဆောင်ရွက်သော ဆားပွက်ချောင်းတံတား(ရေတွင်းကုန်း)သည် တံတားအရှည် ၃၃၄ ပေ ၈ လက်မ၊ တံတားအကျယ် ၁၇ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေရှိကြောင်း၊ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်အလေးချိန် တန် ၂၀ ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့မှ စတင် တည်ဆောက်ခဲ့ပြီး ဇွန် ၂ ရက်တွင် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဆားပွက်ချောင်းတံတား(ရေတွင်းကုန်း) တည်ဆောက်ပြီးစီးသည့်အတွက် ကျေးရွာပေါင်း ၁၂ ရွာမှ ကျေးလက်နေပြည်သူများ အချိန်မရွေး ဖြတ်သန်းသွားလာနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး) ၊ ကျော်စိုးဝင်း (မင်းဘူး)