မင်းဘူး(စကု)မြို့နယ် အဆင့်မြင့်လယ်ယာမြေ စံပြကွက်တွင် မိုးနှောင်းသီးနှံများ စတင်စိုက်ပျိုး

မင်းဘူး စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အဆင့်မြင့်လယ်ယာမြေ စံပြကွက်တွင် မိုးနှောင်းသီးနှံများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါစံပြကွက်သည် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများအကျိုးပြု ဖြစ်ထွန်းစေရန် ရည်ရွယ်၍ မိုးနှောင်းကာလ ရက် ၁၀၀ စပါးမျိုး၊ ရက် ၁၁၀ ချမ်းမြေ့မေ စပါးမျိုးအပြင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို စိုက်ပျိုးခဲ့ကြသည်။

ထိုသို့စိုက်ပျိုးမှုကို ကိုင်းတောလေးကျေးရွာ တောင်သူ ဒေါ်သန်းသန်းဌေး၏ ကွင်းအမှတ် (၁၂၈၄) စံပြကွက် ၁၃ ဒသမ ၇၃ ဧကပေါ်တွင် စက်တင်ဘာ ၂၂ ရက်မှ စတင်စိုက်ပျိုးကာ ချမ်းမြေ့မေ စပါး ၅ ဧက၊ နေကြာ ၄ ဧက၊ ပဲတီစိမ်း နေကြာသီးညှပ်စိုက်ခင်း ၃ ဧကနှင့် ၁ ဒသမ ၇၃ ဧကအား ပိုက်ဆံလျှော်များ စိုက်ပျိုးထားကာ စံပြကွက်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် တောင်သူများအား ပညာပေးစည်းရုံးမှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဇေယျာထက်(မင်းဘူး)