မင်းဘူး ၈ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် မိုးရာသီတွင် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း၌ သစ်ပင်မျိုးစုံစိုက်ပျိုးနိုင်ရန် ရွှေတပင်အမြဲတမ်း ပျိုးဉယျာဉ်တွင် ပျိုးပင်ပေါင်း ၆၀၀၀၀ ကျော်ကို ပျိုးထောင်ထားရှိကြောင်း မင်းဘူးမြို့နယ် အပူပိုင်းဒေသ အမြဲစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဦးစီးဌာနအနေဖြင့် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် နေထိုင်သော ပြည်သူများအတွက် ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသစိမ်းလန်းစိုပြည်ရေး အထောက်အကူဖြစ်စေရန်နှင့် အပူပိုင်းဒေသ စိုက်ခင်းလုပ်ငန်းများ အထောက်အကူဖြစ်စေရန်အတွက် ၁/၂၀၂၀ ရေဝေရေလဲစိုက်ခင်း ၅၀ ဧက အတွက် အပင်ပေါင်း ၂၀၁၅၀ ၊ ၂/၂၀၂၀ တောင်တန်းစိုက်ခင်း ဧက ၁၀၀ အတွက် အပင်ပေါင်း ၄၀၃၀၀ နှင့် ၃/၂၀၂၀ (အထူးစိမ်း) တစ်အုပ်တစ်မစိုက်ခင်း အတွက် အပင်ပေါင်း ၁၅၀၀ တို့ကို ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးခြင်းအားဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ ရေမြေသဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံသစ်တောထွက်ပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စေရန်၊ သစ်တော၊ သစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာရကို ဒေသခံပြည်သူများ သိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူလူထု အသိပညာမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို တိုးတက်ရရှိစေရန်၊ ရာသီဉတု မျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကိုအထောက်အကူဖြစ်စေရန်၊ သဲကန္တာရဖြစ်ထွန်းမှုကို ကာကွယ်တားဆီးနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း အပူပိုင်းဒေသ အမြဲစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းဘို က ပြောကြားသည်။
ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးမည့်ပျိုးပင်များမှာ ရှား၊ ယူကလစ်၊ ဇီးဖြူ၊ မျှင်ဝါး၊ တမာ၊ မာတာကွတ်၊ Hybrid Acacia၊ မန်ဂျန်ရှား (ဗီယက်နမ်) စသည့် ပျိုးပင်ပေါင်း ၆၀၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ၎င်းကြိုးပြင်ကာကွယ်တော၏ ဧရိယာမှာ ဧကပေါင်း ၆၅၀၀ ကျယ်ဝန်းကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


