မင်းဘူး ၊ ဩဂုတ် ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မိုးတွင်းကာလ ဖြစ်ပွားတတ်သော ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်စေရန် ယနေ့နံနက် ၉ နာရီခွဲက အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများဦးဆောင်၍ နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျောက်စံ၊ မယ်ဘေ့ကုန်း၊ ကြာကန်၊ လက်ပံတောကျေးရွာ စသည့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် မိုးရာသီဖြစ်တာကြောင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ မြစ်ရေကြီးခြင်း၊ မြစ်ကမ်းပါး ပြိုကျခြင်းများ ဖြစ်ပွားနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များနှင့် ကို​ဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များကိုပါ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

 

မင်းဘူး(စကု)မြို့နယ်တွင်း ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၇၀၀)စင်တီမီတာဖြစ်ပြီး ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မင်းဘူးမြို့တွင် ၁၁၂၆ စင်တီမီတာအထိ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

 

မောင်မောင်(မင်းဘူး)