ပွင့်ဖြူ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအား စားသောက်ရေးနှင့် အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဧပြီ ၉ ရက်က မင်းဘူးမြို့ သဘာဝဘေးသင့်သူများကူညီ ကြပါစို့ လူမှုကူညီရေးပရဟိတအသင်းနှင့် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတ အသင်းတို့ ပူးပေါင်းပြီး မီးဘေးသင့်ပြည်သူများအတွက် အလှူငွေ၊ စားသောက်ကုန်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ထောက်ပံ့လှူဒါန်းရာတွင် မင်းဘူးမြို့ သဘာဝဘေးသင့်သူများကူညီကြပါစို့ လူမှုကူညီရေးပရဟိတအသင်းမှ နာယကဆရာတော် ဦးဥတ္တမ နှင့် ပရဟိတအသင်းသားများက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအသင်းမှ ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများနှင့် အတူ ခန်ကုန်းကျေးရွာ ရတနာပုံကျောင်းတိုက်ဓမ္မာရုံသို့ သွားရောက်ပြီး ကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၃၄ စု အတွက် ဆန်အိတ် (၄) လုံး၊ ခြုံစောင် ၃၄ ထည်၊ အဝတ်အထည် ပီနံအိတ် ၃၄ အိတ်၊ အိမ်အသုံးအဆောင်ပစ္စည်းမျိုးစုံ ပီနံအိတ် ၃၄ အိတ်နှင့် အလှူငွေကျပ် ၃၄၀၀၀၀၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆၄၂၀၀၀ ကို မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၊ ခန်ကုန်းကျေးရွာ၌ ဧပြီ ၂ ရက်က လင်မယားချင်း စကားများရန်ဖြစ်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ လူနေအိမ် ၃၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု ၃၄ စုရှိ ကျား/မ စုစုပေါင်း ၁၄၈ ဦး မီးဘေးသင့်ခဲ့သောကြောင့် ယခုအခါ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များက အလှူငွေ၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)