မင်းဘူး မေ ၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ်(၄) မကျီးချောင်းရပ်ကွက် မန်းရေနံကွင်းတွင် ရှင်မတောင် သနပ်ခါးမျိုး ဧက ၂၀ အထိ တိုးချဲ့စိုက်ပျိုးထားကြောင်း သနပ်ခါးစိုက်ပျိုးသူ ဦးသန်းအောင်ထံမှ သိရသည်။
သနပ်ခါးကို အပင်ပေါက်ကလေး (သို့) ပျိုးပင်တစ်လခွဲသား အရွယ်မှစတင်ကာ စိုက်ပျိုးရသည်။ အရွယ်ရောက်မှစိုက်လျှင် အပင်ကြီးထွားနှုန်းနှေးပြီး ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတော့ကြောင်း၊ တစ်ပင်နှင့် တစ်ပင် ၅/၄ ပေ အကျယ်ထားပြီး အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ တစ်လခွဲသားအရွယ်မှ စတင်စိုက်ပျိုးကာ (၇)နှစ်သား အရွယ်သို့ရောက်လျှင် ခုတ်လှဲရောင်းချလို့ရကြောင်း သိရသည်။
“ဦးလေးကတော့ သနပ်ခါးကို နဂိုက ၅ ဧကသာ စိုက်ပျိုးထားသော်လည်း နှစ်ရှည်ပင်ဖြစ်ပေမဲ့ အပူပိုင်း ရာသီဥတုနဲ့လည်း ကိုက်ညီတယ် မြန်မာမိန်းခလေးများ အလှပရေးရာ အတွက်သာ အသုံးပြုသည့် ပစ္စည်းမဟုတ်ဘဲ ကလေးလူကြီး မိဘ ဘိုးဘွား လိမ်းကြံ ခြယ်သပြီး ဆေးဝါးများအဖြစ်နဲ့ပါ အသုံးပြုလို့ရသည့်အပြင် မြန်မာလူမျိုးများသာမက ကမ္ဘာအရပ်ရပ်မှ ခရီးသွားများကို မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ ထွက်ကုန်တစ်ခုအနေနဲ့ လက်ဆောင်ပစ္စည်းအဖြစ် ရောင်းချလို့ရနေတာကြောင့် တိုးချဲ့ပြီး ဧက ၂၀ အထိ စိုက်ပျိုးဖြစ်တာပါ” ဟု မင်းဘူးမြို့ မန်းရေနံကွင်းနေ ရှင်မတောင် သနပ်ခါး စိုက်ပျိုးသူ ဦးသန်းအောင်က ပြောသည်။
သနပ်ခါးကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ မြို့များဖြစ်သော ပခုက္ကူ၊ ရွှေဘို၊ မြင်းခြံ၊ အရာတော်၊ ပေါက်၊ ယင်းမာပင်၊ ရေစကြို စသော မြို့များတွင် စိုက်ပျိုးကြပြီး အရာတော်တစ်မြို့နယ်တည်းပင်လျှင် သနပ်ခါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါး စိုက်ဧကပေါင်း သုံးသိန်းကျော်ရှိကြောင်း သနပ်ခါးစိုက် တောင်သူများထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)