မင်းဘူး          ဇန်နဝါရီ        ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါင်းရွာကျေးရွာအုပ်စု၊ ပင်းတလဲ ကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် (၄)လက်မ PVC စက်ရေတွင်း တစ်တွင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် မီနီ ဘက်ဂျက် ၆ လတာကာလအတွင်း တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးနှင့် အခက်အခဲ မဖြစ်ပေါ်စေရေးတို့ အတွက် ပင်းတလဲကျေးရွာ၌ (၄)လက်မ PVC အရွယ်အစား အနက်ပေ ၄၀၀ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် အမြင့် ၁၀ ပေ x အကျယ် ၈ ပေပတ်လည်ရှိ ရေစက်ရုံတည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းများ အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၂၁.၄ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော စွမ်းထက်ပြည့်ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ နေ့မှ စတင်ကာ တာဝန်ယူတူးဖော် တည်ဆောက်နေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို က ပြောသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် ယခုမီနီ ဘက်ဂျက် ၆ လတာကာလအတွင်း ရေရှိရေးလုပ်ငန်းနှစ်ခုအဖြစ် ပင်းတလဲကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းဆောင်ရွက်နေပြီး မင်းလှကျင်းကျေးရွာအုပ်စု၊ ကျောက်ပယ်ကျေးရွာ၌ ကုဗပေ ၂၀၃၀၀ ဆံ့ မြေသားရေလှောင်ကန် တိုးချဲ့တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)