မင်းဘူး ၁၁ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း မီနီအိုးဝေအငှားမောင်းလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် COVID-19 ကာလအတွင်း အသွားအလာနည်းပါးမှုကြောင့် အလုပ်အကိုင် အဆင်မပြေသည့်အတွက် မိသားစုစားဝတ်နေရေး အခက်ကြုံတွေ့နေရကြောင်း မီနီအိုးဝေ မောင်းနှင်လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
“အရင်တုန်းကတော့ ကျွန်တော်တို့ ဒီဒေသက ဆယ့်နှစ်ရာသီဘုရားဖူးက အမြဲမပြတ်ရှိတယ်၊ မကွေးဘက်ကမ်းဆိုရင် မကွေးမြသလွန်ဘုရား၊ နှီးဘုရား၊ ကံ့ကော်တစ်ထောင်ဘုရားတို့နဲ့ မြို့တွင်းဆို စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ ရှင်မင်းပူး၊ ပွင့်ဖြူဘက်ဆိုရင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားစတဲ့ အထင်ကရနေရာတွေကို အိုးဝေလေးတွေနဲ့ အုပ်စုလိုက် ဘုရားဖူးတွေက ငှားကြတော့ လိုက်ရတာအဆင်ပြေတယ်၊ ခုနောက်ပိုင်း အသွားအလာနည်းပါးပြီး ပုံမှန်ဝင်ငွေမရှိတဲ့အခါကြတော့ အုံနာခရအောင်ကို မနည်းရှာနေရတာနဲ့ လုပ်ကိုင်ရတာ အဆင်မပြေပါဘူး၊ အုံနာခကလည်း တစ်ရက်ကို ကျပ် ၅၀၀၀ လောက်ပေးရတယ်၊ ကိုဗစ်ကာလမတိုင်ခင်ကတော့ တစ်ရက်ကို ပျမ်းမျှ ကျပ် ၁၅၀၀၀ နဲ့ ၂၅၀၀၀ ကြားရတယ်၊ အခုကာလကြတော့ တစ်ရက်ပျမ်းမျှ ကျပ် ၈၀၀၀ နဲ့ ၁၀၀၀၀ လောက်ပဲရတာ ဆိုတော့ ကိုယ့်ဆီကိုယ်ထည့်ပြီး မောင်းရတဲ့အတွက် အမြတ်သိပ်မကျန်ဘူး၊ တစ်ခါတစ်လေ ဈေးဦးမပေါက်ဘဲ အရင်းမရလို့ လှည့်ပြန်ခဲ့ရတဲ့ရက်တွေလည်း ရှိတယ်၊ ကိုယ်ပိုင်အိုးဝေရှိတဲ့သူကတော့ အဆင်ပြေတာပေါ့၊ ကျွန်တော်တို့ အငှားမောင်းတဲ့သူအဖို့ မိသားစုစားဝတ်နေရေးကလည်းရှိသေးတော့ တော်တော်ရုန်းကန်ရှာဖွေနေရတယ်၊ ဒီ ကိုဗစ်-၁၉ ကာလကြီး ပြီးသွားမယ်ဆိုရင်တော့ အရင်လိုပဲ အဆင်ပြေသွားမယ်လို့တော့ ထင်ပါတယ်” ဟု မင်းဘူးမြို့ရှိ မီနီအိုးဝေ အငှားမောင်းနှင်လုပ်ကိုင်နေသူ ကိုကျော်လွင်က ရှင်းပြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း မီနီအိုးဝေ ၁၅ စီးခန့်ရှိပြီး ကိုယ်ပိုင်နဲ့အငှား နှစ်မျိုးရှိရာ ကိုယ်ပိုင်ရှိသူများအတွက် အဆင်ပြေလျက်ရှိပြီး အငှားမောင်းနှင်သူများအနေဖြင့် ပုံမှန်ဝင်ငွေမရှိသောကြောင့် အခက်ကြုံတွေ့နေရကြောင်း မီနီအိုးဝေ အငှားမောင်းနှင် လုပ်ကိုင်နေသူတစ်ဦး ပြောပြ၍ သိရသည်။
မောင်မောင်(မင်းဘူး)


