မင်းဘူး ၃၀ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ လူဝန်မှုထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပျံနှံ့မှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက်ဖြင့် ယနေ့နံနက်ပိုင်းက ကျေးရွာများသို့သွားရောက်၍ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျေးရွာများမှာရှိကြတဲ့ ရဟန်းရှင်လူ၊ မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကူးစက်ပျံနှံ့မှုမရှိစေရန် ရည်ရွယ်ချက်နဲ့ လက်ကမ်းစာစောင်များ ဝေငှပေးတယ်၊ နံရံကပ်ပိုစတာများ ပြသပေးတယ်၊ ပြီးတော့ ဒေသအာဏာပိုင် အဖွဲ့အစည်းများမှ ထုတ်ပြန်ထားတဲ့ ဥပဒေများကို ပြည်သူများအားလုံးက သိရှိလိုက်နာ ဆောင်ရွက်နိုင်စေဖို့နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့၊ မိဘပြည်သူများအနေနဲ့ အိမ်ပြင်မထွက်ကြဖို့နဲ့ လက်ကို မကြာခဏဆေးဖို့နဲ့ ဒီကူးစက်မြန်ရောဂါ ကူးစက်ပျံနှံ့မှု မရှိစေရေးအတွက် ကာကွယ်ဖို့ဆိုရင် မိမိကစကာကွယ်မှရမှာပါ” ဟု မင်းဘူးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက ပြောသည်။
အဆိုပါ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ပျံနှံ့မှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မယ်ဘေ့ကုန်းကျေးရွာ၊ ကျွဲချကျေးရွာ၊ ကျောက်စံကျေးရွာ၊ နိဗ္ဗာန်းကျွန်းကျေးရွာ၊ ပေါက်လေးပင်ကျေးရွာ၊ ပေါက်ငူကျေးရွာနှင့် မန်းကျိုးကျေးရွာများတွင် အသံချဲ့စက်နဲ့ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးဝင်း (မင်းဘူး)


