မင်းဘူး ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဧပြီ ၂၀ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် (၂)နှစ်လုံးပြိုလဲပြီး အလုံး(၅၀) အမိုးလန်ပျက်စီးကာ လမ်းမပေါ်များတွင် သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

လေပြင်းတိုက်ခတ်မှုများကြောင့် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ်နှစ်လုံး၊ စကုမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ်လေးလုံး၊ ကံသာကျေးရွာမှ နေအိမ်လေးလုံး၊  ကံကုလားကျေးရွာမှ နေအိမ်အလုံး (၃၀)၊ တောင်မန်းကျေးရွာမှ နေအိမ်တစ်လုံး၊ ကြာကန်ကျေးရွာမှ နေအိမ်သုံးလုံး၊ ဆင်ခေါင်းကျေးရွာမှ နေအိမ်လေးလုံး၊ ကျောက်တန်းကျေးရွာမှ နေအိမ်တစ်လုံးနှင့် ကဒီးကျေးရွာတွင် နေအိမ်နှစ်လုံး ပြိုလဲကာ နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း၊ လေဘေးသင့်အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်ဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ လမ်းမပေါ်များတွင် သစ်ပင်လဲကျမှုများ ဖြစ်ပွားကာ စကုမြို့ အမှတ်(၂) ရပ်ကွက်၊ ဇေယျာသီရိရပ်တွင် ထန်းပင်လဲကျ၍ လျှပ်စစ်မီးတိုင်တစ်တိုင် ကျိုးပဲ့ယိုင်လဲ ပျက်စီးခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုများကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ယာဉ်လမ်းကြောပိတ်ဆို့မှု မဖြစ်ပွားစေရေး နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)