မင်းဘူး  ၁  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာမှ ခရမ်းချဉ်စိုက် တောင်သူများသည် ခရမ်းချဉ်သီးပေါ်ချိန် ပေါ်ဦးပေါ်ဖျား ဖြစ်သော်လည်း ဈေးကျသည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် အခက်ကြုံနေကြကြောင်း ရေတွင်းကုန်းကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ ကိုစန်းလွင်ထံမှ သိရသည်။

 

မင်းဘူးမြို့နယ်တွင် ဂျူလိုင်လနှင့် ဩဂုတ်လများက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၊ ၂၀၀၀ ဈေးရှိသော်လည်း ယခု စက်တင်ဘာလကုန်ခါနီးတွင် ခရမ်းချဉ်သီးဈေးများ ပြန်ကျ သွားကြောင်း ခရမ်းချဉ်သီး ဈေး‌ကောင်းသည့်အချိန်က မင်းဘူးမြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက် တောင်သူများသည် စိုက်ပျိုးသည့်အချိန် နောက်ကျနေသဖြင့် ခရမ်းချဉ်သီးများ ပေါ်သည့်အချိန်တွင် ရောင်းဈေး တစ်ပိဿာကျပ် ၁၀၀၀ ဈေးသာရှိတော့ကြောင်း သိရသည်။

 

“ကျွန်တော်ကတော့ ခရမ်းချဉ်အပြင် ငရုတ်လည်း စိုက်ထားသေးတယ်ဗျ။ ငရုတ်က တွက်ခြေ ကိုက်တယ်။ ခရမ်းချဉ်ဈေးက ကျသွားတော့ အရှုံးမပေါ်ပေမယ့် အမြတ်နည်းတာပေါ့ဗျာ။ ကျွန်တော် တို့ စိုက်ခင်းတွေက ရေလည်းပေါတယ်။ မြေကလည်းကောင်းတော့ အထွက်နှုန်းကတော့ မဆိုးပါ ဘူး။ ဒါပေမယ့် သီးနှံတွေပေါ်တဲ့အချိန် ဈေးပဲ စောင့်ကြည့်ရမယ်။ သီးနှံလေးတွေ ဈေးကောင်းရရင် အားလုံးအဆင်ပြေတာပေါ့ဗျာ။ သီးနှံစိုက်ခင်းအနေနဲ့ ခြေနိုင်လက်နိုင် ငရုတ်၊ ခရမ်းချဉ် ၂ မျိုးကို ၂ ဧကလောက်ပဲ စိုက်ပျိုးထားပါတယ်။ ဒီသီးနှံ နှစ်မျိုးက ကိုဗစ်-၁၉ ကာလ ဆိုပေမယ့် ဈေးက အတက်အကျ မှန်တယ်လေ။ ဒါကြောင့် ဒီနှစ် မိုးသီးနှံအဖြစ် စိုက်ပျိုးဖြစ်တာပါ။ ဒါပေမယ့် ခရမ်းချဉ်က ဒီထက် ဈေးမကျဖို့ပဲ ဆုတောင်းပါတယ်ဗျာ”ဟု ရေတွင်းကုန်းကျေးရွာမှ ခရမ်းချဉ်စိုက် တောင်သူ ကိုစန်းလွင်က ပြောသည်။

ဇေယျာထက် (မင်းဘူး)