မင်းဘူး၊ ၂၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းမှ တောင်သူများသည် ဆားဗွက်ချောင်းအတွင်း မြေနုကျွန်း၌ ကြက်သွန်နီ ဧကများများစိုက်ရန် လျာထားကြသော်လည်း ကြက်သွန်နီဈေးမကောင်း၍ တွက်ခြေမကိုက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ဆားဗွက်ချောင်းအတွင်းရှိ မြေနုကျွန်းစိုက်ကွက်များတွင် မုန်လာဥ၊ မုန်ညှင်း၊ နံနံပင်၊ ပန်းမုန်လာ၊ ပန်းနှမ်း၊ ကုလားပဲများ စိုက်ပျိုးထားကြသော်လည်း ကြက်သွန်နီများများစိုက်ပျိုးရန် တောင်သူများက မြေကွက်ဖော် ပြင်ဆင်နေကြပြီဖြစ်သည်။
ယခင်က ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၈၀၀၊ ၂၀၀၀၊ ၂၅၀၀ ဈေးများရှိသော်လည်း ယခုနှစ်တွင် ဖောက်သည်ဈေး တစ်ပိဿာ ကျပ် ၄၅၀/၅၀၀ နှင့် လက်လီဈေးတစ်ပိဿာ ကျပ် ၈၀၀/၉၀၀ သာ ရှိတော့သဖြင့် တောင်သူများက ဆောင်းကြက်သွန်နီများ ပေါ်သည့်အခါ တွက်ခြေမကိုက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
“လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာပြီး အရောင်းအဝယ်တွေသွက်လာမယ်၊ ကြက်သွန်နီဈေးလည်း တက်လာမယ်ဆိုရင် ကျွန်တော်တို့ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်ပြေသွားမှာဖြစ်ပါတယ်။ ထွန်ယက်ခ၊ မြေဆီဖိုး၊ ဆေးဖိုး၊ ပျိုးပင်ဖိုး၊ စိုက်ပျိုးခများကို သိန်းဆယ်ဂဏန်းနဲ့ချီပြီး ကုန်ကျထားပြီး ကြက်သွန်နီ ဈေးကောင်းမှ အဆင်ပြေကြမှာပါ”ဟု မင်းဘူး(စကု)မြို့နယ် ရွှေတပင်ကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူ ဦးမြင့်ရွှေက ပြောပြသည်။
ဇေယျာထက်(မင်းဘူး)


