မင်းဘူး အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါများ စတင်ထွက်ရှိနေပြီဖြစ်ကာ မြို့နယ်အတွင်းမှ ထွက်ရှိသောဝါများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝါလုပ်ငန်းရှင်များအသင်းနှင့် ဝါမျိုးစေ့အရောင်းဆိုင်တို့ ပူးပေါင်းပြီး ဈေးကောင်ပေး၍ ဝယ်ယူပေး နေကြောင်း သိရသည်။
ထိုသို့ဝယ်ယူရာတွင် မြို့နယ်အတွင်းမှထွက်ရှိသော ချည်မျှင်ရှည်ဝါများကို ဒေသပေါက်ဈေးနှုန်းအတိုင်း တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀ နှုန်းဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း၊ ဝယ်ယူပေးထားသော အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါ(လက်ရင်းဝါ)များနှင့် စမ်းသပ်ဝါမျိုးများကို စက်မှု(၁)သို့ ဝန်ကြီးဌာန အချင်းချင်းချိတ်ဆက်ပြီး ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ သခံတောင်သူများအနေဖြင့် လာမည့်နှစ်ဝါစိုက်ပျိုးချိန်တွင် ဝါမျိုးစေ့ လုံလောက်မှု ရှိစေရေး၊ ဝါမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းများနှင့် အရည်အသွေးပြည့်မီသော ချည်မျှင်ရှည်ဝါ သီးနှံမျိုး အသစ်များ တိုးချဲ့စိုက်ပျိုးထုတ်နိုင်ရေးတို့အတွက် ယခုနှစ် ဒေသအတွင်းမှထွက်ရှိသော လက်ဦးဝါ (လက်ရင်းဝါ) များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာက ဝါစိုက်ဧက ၄၀၀ စာအတွက် ပိဿာချိန် ၁၅၀၀ ကျော်နှင့် ကျန်စိုက်ဧကများအတွက် ဝါလုပ်ငန်းရှင်များအသင်းက ဆက်လက်ဝယ်ယူပြီး ကြိုတင်စုဆောင်း ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသခံတောင်သူများက မိမိတို့ဝါစိုက်ခင်းမှ ထွက်ရှိသော ချည်မျှင်ရှည် ဝါမျိုးများကို လာမည့်နှစ်တွင် မိမိတို့ကိုယ်တိုင်စိုက်ပျိုးနိုင်ရန်အတွက် ဝါမျိုးများကြိတ်၍ ထားရှိမည်ဆိုပါက ပူပေါင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်ဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဝါသီးနှံကို ၁၇၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ဝါသီးနှံစိုက်ခင်းများ စတင်ကောက်သိမ်းချိန် တစ်ဧကကို ပျှမ်းမျှ ပိဿာချိန် ၅၈၀ ကျော်ထွက်ရှိကာ ဝါအထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)