မင်းဘူး နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်ဘူး-ပဒါန်းကားလမ်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံ(တာဘိုင်)အနီးတွင် နိုဝင်ဘာ ၇ ရက် ည ၈ နာရီခွဲ ခန့်က (၁၂)ဘီးယာဉ်နှင့် TITAN (၆)ဘီးယာဉ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီခွဲခန့်က မင်းဘူး(စကု)မြို့နယ်၊ ကန်ရေကျေးရွာအနီး၊ မင်ဘူး-ပဒါန်းကားလမ်း၊ မိုင်တိုင်အမှတ် ၁ မိုင်၊ ၆ ဖာလုံနှင့် ၇ ဖာလုံကြား၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(တာဘိုင်)အနီးတွင် မင်းဘူး-ပဒါန်းကားလမ်းမကြီးပေါ်သို့ ယာဉ်မောင်း အောင်ဝင်း (၃၄)နှစ် မောင်းနှင်သည့် (7A/-----)၊ NISSAN DIESEN ယာဉ်အမျိုးအစား သံချောင်း များတင်ဆောင်ထားသော (၁၂)ဘီးယာဉ်သည် နောက်ယာဉ်ကြောမရှင်းဘဲ လမ်းမကြီးပေါ်သို့ ယာဉ်နောက်ဆုတ်ခဲ့ရာ မင်းဘူးဘက်မှ ပဒါန်း ဘက်သို့ ယာဉ်မောင်း ဇင်မင်းထွဋ်(၃၁)နှစ် မောင်းနှင်ပြီး ခေါင်းခန်းတွင် ဦးကြိုင်လွင် ခရုကန် ကျေးရွာနေသူတို့ လိုက်ပါပြီး (1Q/-----)၊ MAZDA TITAN ယာဉ်အမျိုးအစား အဖြူရောင် (၆)ဘီးယာဉ်နှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် MAZDA TITAN ယာဉ်မှာ ရှေ့ခေါင်းညာခြမ်းနှင့် ရှေ့လေကာ မှန်တို့ ပျက်စီးခဲ့ပြီး၊ ခရုကန်ကျေးရွာနေ ယာဉ်မောင်း ဇင်မင်းထွဋ်မှာ ယာလက်ကောက်ဝတ်၊ ယာဒူးနှင့် ဝဲခြေထောက်တို့ နာကျင်ပွန်းပဲ့ပြီး အသက်အန္တရာယ် (မစိုးရိမ်ရ)ဒဏ်ရာဖြင့် မင်းဘူး ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)